Thursday, February 29, 2024

AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်း၌ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။

ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့သို့ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေတပ်နယ်ဘက်သို့လည်း လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်ခဲ့မှုကြောင့် တပ်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment