Monday, January 1, 2024

ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ဒေါ်လာအမှတ်တံဆိပ် စားသုံးကုန်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း


တွေ့ဆုံမေးမြန်း - ချစ်နှင်းသုန်(ပြန်/ဆက်)၊ ဓာတ်ပုံ- သန်းထွန်းအောင်(ပြန်/ဆက်)

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် ဒေါ်လာအမှတ်တံဆိပ် နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

 

 

 

မေး။     ။ ဒေါ်လာ စားသုံးကုန်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းက ဘယ်လိုစားကုန်တွေကို အဓိကဖြန့်ချိထုတ်လုပ်နေပါသလဲ။

ဖြေ။     ဒေါ်လာစားသုံးကုန် အမျိုးမျိုးထုတ်လုပ်ရေး လုပ်ငန်းက နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါး ကြံမွနဲ့ ကြံသကာအမျိုးမျိုး ကို ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိပါတယ်။

မေး။     ။ ဒေါ်လာ စားသုံးကုန်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းကို ဘယ်လိုမျိုးစတင် တည်ထောင်ခဲ့ပါသလဲ။

ဖြေ။     ကျွန်တော်ကတော့ ၂၀၁၂ ခုနှစ်မှာ ကြံလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပြီး ကြံဖိုတွေမှာ လည်း ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီဒေါ်လာလုပ်ငန်းစက်ရုံကိုတော့ ၂၀၁၅ ခုနှစ်မှာ ဦးစီးပြီး လူသုံးဦးနဲ့စတင်ကာ ကြံဖိုတစ်ဖို တည်တောင်ခဲ့တယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ လုပ်ငန်း ချဲ့ထွင်လုပ်ကိုင်လာရာမှာ ယခု ကြံဖို ၁၆ ဖိုအထိဖြစ်လာပါပြီ။

မေး။     ။ အခုလက်ရှိ လုပ်ငန်း လည်ပတ်နေပုံနဲ့ ဝန်ထမ်းဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို သိပါရစေ။

ဖြေ။     အခုလက်ရှိ ရောင်းအား အကောင်းဆုံးကတော့နှမ်း/ မြေပဲကြံသကာ အရောင်းသွက်ပြီး တစ်နေ့ကို ပုံး ၆၀၀ ကျော်လောက် ရောင်းချရပါတယ်။ ကျွန်တော့်လုပ်ငန်း မှာဆိုရင် ဝန်ထမ်းဦးရေ ၁၀၆ ဦး အထိ ရှိပါတယ်။

မေး။     ။ ဒေါ်လာ စားသုံးကုန် ဖြန့်ချိရေးကနေပြီးတော့ စားသောက်ကုန် ဘယ်နှမျိုးလောက်အထိ ထုတ်လုပ်ရောင်းချနေပါသလဲ၊ ဘယ်ထုတ်ကုန်အမျိုးအစားတွေ ပိုပြီးရောင်းအားအကောင်းဆုံးလဲဆိုတာလေး ရှင်းပြပေးပါ။

ဖြေ။     ဒေါ်လာလုပ်ငန်းကနေ နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါး ကြံမွနဲ့ ကြံသကာအမျိုးမျိုးဆိုပြီး ခြောက်မျိုး ထုတ်လုပ်ဖြန့်ချိရောင်းချ ပေးလျက်ရှိပါတယ်။ နှမ်း၊ မြေပဲ ကြံသကာက တစ်နေ့ကို ၁၀ ပိဿာက နေ ၁၁ ပိဿာအထိ ရောင်းချရပြီး ပုံးအရေအတွက်ဆိုရင် ပုံး ၆၀၀ ကျော် ကနေ ၇၀၀ အထိ ရောင်းချရပါတယ်။ အခုနှစ်မှာ သကြားကြံသကာကလည်း နှမ်း၊ မြေပဲကြံသကာလို ရောင်းချရပါတယ်။ ဒုတိယရောင်းအားအကောင်း ဆုံးကတော့ မရွေးဖြစ်ပြီး မရွေးကိုတော့ စက်နဲ့လုပ်ကိုင်ဆောင်ရွက် ရောင်းချပေးပါတယ်။ မြွေနဂါးကြံမွဆိုရင်လည်း ရောင်းအား အကောင်းဆုံးစာရင်းထဲမှာပါပါတယ်။

မေး။     ။ ဒေါ်လာ စားသုံးကုန်တွေကို သန့်ရှင်းလတ်ဆတ်စွာ စားသောက်နိုင်ဖို့ စီမံဆောင်ရွက်ထားရှိမှုကိုလည်း ရှင်းပြပေးပါ။

ဖြေ။     ဒေါ်လာ စားသုံးကုန်တွေဟာဆိုရင် စားသုံးသူ မိဘပြည်သူတွေ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးနိုင်ဖို့အတွက် ဓာတုဆိုးဆေးတွေနဲ့ ကြာရှည်ခံဆေးတွေ သုံးစွဲထားတာ မရှိပါဘူး။ ထုတ်ကုန်တွေကိုလည်း ထုပ်ပိုးမှုစနစ် ခိုင်မာစွာထုတ်လုပ် ရောင်းချပေးပါတယ်။ စက်ရုံအတွင်းပိုင်းမှာဆိုရင်လည်း ဆေးလိပ်၊ အရက်သေစာ သောက်သုံးမှု မရှိအောင်၊ ပြင်ပလူ မဝင်ရောက်အောင်နဲ့ ဝင်ပေါက်တိုင်းမှာ လက်ဆေးကန်တွေ ထားရှိပေးပါတယ်။

မေး။     ။ ဒေါ်လာ စားသုံးကုန်တွေကို မြန်မာနိုင်ငံအတွင်း ဘယ်မြို့ဘယ်ဒေသတွေကို ဖြန့်ချိပေးနေပါသလဲ။

ဖြေ။     ကျွန်တော့် စက်ရုံက ထုတ်ကုန်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုအနက် ၁၂ ခုလောက်အထိ ဖြန့်ချိပြီး မြို့ပေါင်း ၃၃ မြို့လောက်အထိ တင်ပို့ရောင်းချပေး နေပါတယ်။ အခုလက်ရှိ ဖြန့်ဖြူးနိုင်ခြင်း မရှိသေးတာဆိုရင် ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ပဲရှိမယ်။ ချင်းပြည်နယ် မတူပီနဲ့ မင်းတပ်မြို့နယ်တွေကိုတောင် ပခုက္ကူဘက်ကနေ ပြီးတော့ ဖြန့်ချိပေးနေပါတယ်။ အဓိကစပို့တာကတော့ ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ နေပြည်တော်၊ တပ်ကုန်းနဲ့ မန္တလေး တို့ကို ပို့ပါတယ်။

မေး။     ။ နိုင်ငံတော်က အခုလို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရာမှာ ဒေါ်လာလုပ်ငန်းအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက် နေမှုကိုလည်း သိပါရစေ။

ဖြေ။     ။ ကျွန်တော်တို့ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်တွေကို နိုင်ငံတော်က MSME ချေးငွေ ထုတ်ချေးပေးတဲ့အတွက် လုပ်ငန်းသုံးစက်ပစ္စည်းတွေ ဝယ်ယူနိုင်ခဲ့ပြီး လုပ်ငန်းတွေလည်း တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒေါ်လာစားသုံး ကုန်တွေကိုလည်း တိုင်းဒေသကြီးအဆင့် ကုန်စည်ပြပွဲတွေမှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ခင်းကျင်းပြသပေးနိုင်ခဲ့ပါတယ်။

မေး။     ။ စီးပွားရေး လုပ်ငန်းတွေ စတင် တည်ထောင်မယ့် လူငယ်တွေကို အကြံပြုလမ်းညွှန်ပေး ပါဦး။

ဖြေ။     အဓိက ကတော့ ဆန္ဒပေါ့၊ ဖြစ်ချင်စိတ်ရှိဖို့လိုတယ်။ အခုအလုပ်သမားအဖြစ် လုပ်နေရပေမယ့် တစ်ချိန်မှာ လုပ်ငန်းရှင်သူဌေးဖြစ်ဖို့ဆိုရင် စိတ်ရိုးသားရမယ်၊ ကြိုးစား အားထုတ်ရမယ်၊ လုံ့လ၊ ဝီရိယရှိရပါမယ်။ အဲဒါကြောင့် လူငယ်တွေ ကြိုးစားကြပါ၊ အားစိုက်ကြပါလို့ အကြံပေးပြောကြား တိုက်တွန်းလိုပါတယ်။           

No comments:

Post a Comment