Thursday, January 4, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော် ဇန်နဝါရီ ၄

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားအားလပ်ရက်ဖြစ်သော လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုတို့ဖြင့် ဖော်ကျူးထားသည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအပေါ် မိမိတို့အနေဖြင့် လွန်စွာကျေနပ်အားရမိပါသည်။ ယုံကြည်မှုကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ထိတွေ့ဆက်ဆံမှုများနှင့် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာတို့တွင် ညှိနှိုင်းဆောင်ရွက်မှုများကို တစိုက်မတ်မတ်မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းဖြင့် မိမိတို့နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့် အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည်။

အဆွေတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံး ကျန်းမာ၊ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဆုပ်ဂျန်ဒါ ဆိုဖီးအာ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌ အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူများထံသို့ မိမိမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်၊၊

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကာလရှည်ကြာ တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကဏ္ဍရပ်များစွာ၌ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများမှာ ခိုင်မာ၍ အကျိုးဖြစ်ထွန်းလျက်ရှိသော နှစ်နိုင်ငံဆက်ဆံရေး၏ သက်သေများဖြစ်သည်ကို ဝမ်းမြောက်စွာ မှတ်သားမိပါသည်၊၊ လာမည့်နှစ်များအတွင်း မိမိတို့နှစ်နိုင်ငံအကြား တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုတို့အနေဖြင့် ပိုမိုတိုးတက်ဖြစ်ထွန်းလာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်၊၊ မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံနှင့် ဒေသတွင်းငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့အတွက် ဒေသတွင်းနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်၌ အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါသည်၊၊

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံပြည်သူများ ပိုမိုသာယာဝပြောစေပါကြောင်းနှင့် အဆွေတော်၏ ကြိုးပမ်းဆောင်ရွက်ချက်အားလုံးအနေဖြင့် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်၊၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက မင့်စ်မြို့တွင် အဆွေတော်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုကို ကောင်းစွာ အမှတ်ရလျက်ရှိပါသည်။ ယင်းတွေ့ဆုံမှုတွင် အကျိုးရှိရှိ ဆွေးနွေးနိုင်ခဲ့မှုနှင့် နှစ်နိုင်ငံရေးရာများကို ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ်နိုင်ခဲ့သည့် အခြေအနေများကို မိမိအနေဖြင့် ဝမ်းမြောက်စွာ မှတ်သားမိပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုများသည် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ကို တိုးမြင့်စေရေး အထောက်အကူပြုပြီး၊ နှစ်နိုင်ငံအကြား နောက်ထပ်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ဖော်ဆောင်ပေးသည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် ဘယ်လာရုစ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါကြောင်းနှင့် မိမိတို့နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးပွဲများမှတစ်ဆင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မိမိအနေဖြင့် မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အကျိုးဖြစ်ထွန်းသော လုပ်ငန်းဆောင်ရွက်မှု အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍအတွက် ကျေးဇူးတင်အသိအမှတ်ပြုပါသည်။

အဆွေတော် ကျန်းမာစေရန်နှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ဆက်လက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းနှင့် အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံသို့ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ အလီ ဆာဘရီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တူညီမှုများကို အခြေခံ၍ တည်ရှိခဲ့သော ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးသည် ဆက်လက်တိုးတက်ခိုင်မာလာသည်ကို မိမိအနေဖြင့် ဝမ်းမြောက်စွာ တွေ့မြင်ရပါသည်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲလာစေရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူများ စဉ်ဆက်မပြတ် သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံသို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စ ချိုဆွန်းဟွာ ထံမှ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှင့် အဆွေတော်၏လုပ်ငန်းဆောင်တာများ အောင်မြင်စေရန် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

No comments:

Post a Comment