Thursday, January 4, 2024

လွတ်လပ်ရေးနှင့်ထိုက်တန်သည့်နိုင်ငံတော်

 

မြန်မာတိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ရှေးပဝေသဏီ နှစ်ပေါင်းများစွာကာလကပင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်စောင့်ရှောက် ကာကွယ်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် စည်းလုံးညီညွတ်မှုနှင့် နိုင်ငံအင်အားတောင့်တင်းခိုင်မာမှု လျော့နည်းလာသောကြောင့် ကိုလိုနီနယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ပြီး တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။

လွတ်လပ်ရေးဆုံးရှုံးစဉ်က နယ်ချဲ့တို့ကို လက်နက်အင်အား မယှဉ်နိုင်သည့်ကြားမှ ခါချဉ်ကောင်မာန်ကြီးသည့်စိတ်ဓာတ်၊ စည်းလုံးညီညွတ်သည့်စိတ်ဓာတ်၊ ဇာတိမာန်မလျှော့သောစိတ်ဓာတ်တို့ဖြင့် အသက်သွေးချွေးပေါင်း မြောက်မြားစွာ ရင်းနှီးပေးဆပ်ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် ဦးတည်ချက်ပန်းတိုင်ပျောက်ခဲ့ပြီး ပြည်ထောင်စုကြီး ပြိုကွဲလုနီးပါး အခြေအနေရောက်ခဲ့သည်။

ယနေ့ကာလတွင် လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း(၇၆)နှစ်ရှိပြီဖြစ်သော်လည်း ကိုလိုနီစနစ်၏အမွေဆိုး စည်းလုံးညီညွတ်မှုပျက်ပြားသည့်အကျိုးဆက် လက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ တိုင်းပြည်လွတ်လပ်ပင်လွတ်လပ်သော်ငြားလည်း မညီညွတ်ခြင်း၏ အကျိုးဆက်ကြောင့် သူတစ်ပါး တိုင်းပြည်နှင့်စာလျှင် အောက်ကျနောက်ကျဖြစ်နေရသည်။ အစိုးရအဆက်ဆက်က တည်ဆောက်လိုက်၊ လက်နက်ကိုင်သောင်းကျန်းသူများက ဖျက်ဆီးလိုက်နှင့် လုံးလည်ချာလည်လိုက်နေဆဲဖြစ်သည်။ မညီညွတ်ခြင်းရလဒ်အဖြစ် မလိုသူတို့၏ ထိပ်ပုတ်ခေါင်းပုတ်ပြုလုပ်ခြင်း ခံနေရသည်။

မြန်မာလူမျိုးတို့၏ ကောင်းမြတ်သော ဗီဇဓလေ့ထုံးတမ်းစဉ်လာတို့ကို မေ့လျော့ကုန်ပြီလော၊ မြန်မာလူမျိုးများ၏ ဇာတိသွေး၊ ဇာတိမာန်၊ ရဲစွမ်းသတ္တိတို့ကို မေ့လျော့ကုန်ပြီလော။ သွေးခွဲခြင်း၏ အကျိုးဆက်ကို ရရှိနေသူများမှလွဲ၍ မြန်မာ့စိတ်ထား၊ မြန်မာ့အားမာန်များ မပျောက်မပျက် ရှိနေပါသေးသည်။ တိုင်းပြည်ကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်ကို တိုးတက်ကြီးပွားလိုသည့်စိတ်၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ထားကြသူများ အမြောက်အမြားရှိနေပါသေး သည်။ တိုင်းပြည်ကို ဖျက်ဆီးလိုကြသူတစ်စုကို တိုင်းပြည်ကို ချစ်မြတ်နိုးသည့် လူအများက ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံကို မြန်မာတို့ထက်ပို၍ မည်သည့်နိုင်ငံသားမျှ မချစ်နိုင်ပါ။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မည်သည့်နိုင်ငံသားကမှ မလုပ်နိုင်ပါ။ မြန်မာနိုင်ငံနှင့် မြန်မာတို့အပေါ် စိတ်ကောင်းစေတနာကောင်းထားသည့် နိုင်ငံအများအပြားရှိပါသည်။ သို့သော် မြန်မာတို့ အလုပ်လုပ်ကြဖို့လိုပါသည်။ မြန်မာတို့ ညီညွတ်ကြဖို့လိုပါသည်။ မြန်မာများ စည်းလုံးညီညွတ်မှုမရှိက ဒုက္ခရောက်ကြပြန်ပါဦးမည်။ မြန်မာများ ဒုက္ခရောက်ပြီဆိုလျှင် နယ်ချဲ့လက်သစ်နှင့် အပေါင်းပါများ၊ လက်ဝေခံများက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသကဲ့သို့ ဝမ်းမြောက်အားရနေကြမည်ဖြစ်သည်။

ထို့ကြောင့် ရရှိထားသော လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်၊ မြန်မာအချင်းချင်း စည်းလုံးညီညွတ်ကြရန်၊ မြန်မာများ အလုပ်ပိုမိုကြိုးစားလုပ်ကိုင်ကြရန် လိုအပ်ပါသည်။ အချင်းချင်းမညီညွတ်မှု၊ အလိုတော်ရိတို့၏ လမ်းခင်းပေးမှုကြောင့် တိုင်းပြည်ကျွန်ဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ ယခုလည်း အချင်းချင်းမညီညွတ်၊ အလိုတော်ရိနှင့်အဖျက်သမားတို့၏ လမ်းခင်းပေးမှုနောက်ကို လိုက်ပါမည်ဆိုပါက တိုင်းပြည်ပြိုကွဲပျက်စီးပြီး သူများနောက်ကောက်ကျွန်ဘဝမှ တက်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် တိုင်းပြည်မပျက်စီးအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသော အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အကြမ်းဖက်ဖြစ်စဉ်များအားလုံး ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆိုပါ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို လက်တွေ့အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ လွတ်လပ်ရေးနှင့် ထိုက်တန်သည့် နိုင်ငံတော်ကြီး ပေါ်ထွန်းနေမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment