Tuesday, January 2, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဇန်နဝါရီလ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက ဇန်နဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေဂူတောင်ရွာရှိ နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ DVB က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီလ ၁ ရက်နေ့တွင် AA လက်နက်ကိုင်သောင်းကျန်းသူများက အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေဂူတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်းသိရှိရပြီး မြောက်ဦးရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်း သိရှိရပါသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၊ တရုတ်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၁ ရက်နေ့က အကြမ်းဖက်သောင်းကျန်းသူများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ကျေးရွာ၊ ရပ်ကွက်လူနေအိမ်များအတွင်းမှ ချောင်မြောင်းတိုက်ခိုက်ခြင်း၊ လူနေအိမ်များမီးရှို့ခြင်းနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကိုပြုလုပ်၍ အကြမ်းဖက်အားပေးမီဒီယာများမှတဆင့် တပ်မတော်မှလုပ်ဆောင်သည်ဟု လုပ်ကြံရေးသားဖြန့်ဝေ၍ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ တပ်မတော်သားများအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment