၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေး ထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၁/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၉၆၅၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပါသည်။
၂။ ထို့ပြင် နိုင်ငံအချင်းချင်း
မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို
အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ်
(၂/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့်
နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊
ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်
ပေးခဲ့ပါသည်။
၃။ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင်
ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / အကျဉ်းသူများအား
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘော ဆောင်သော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများသည် မိသားစုဝင်များနှင့်
ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်ပြီး နိုင်ငံတော်၏ စေတနာကို အလေးထား လျက်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက်
ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်နိုင်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ပါသည်။
၄။ နိုင်ငံခြားသား အကျဉ်းသား/
အကျဉ်းသူများကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု ခြင်းသည်
ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ နိုင်ငံအချင်းချင်းဆက်ဆံရေးကို
မြှင့်တင်ဆောင်ရွက်ရာ ရောက်သည်ဟု ရှုမြင်ပါသည်။
၅။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများ၏ သက်ဆိုင်ရာမိသားစုဝင်များနည်းတူ လွန်စွာဝမ်းမြောက်ပီတိဖြစ်ရပြီး
အလားတူ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကော်မရှင်
အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment