ပါမောက္ခဒေါက်တာဌေးဌေးတင်
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ ရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) ကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် လမ်းမတော်ဝင်း၌ ကျင်းပမည်ဖြစ်ပါသည်။
ရောဂါဗေဒပညာရပ် ဆိုသည်မှာ
နှီးနှောဖလှယ်ပွဲမတိုင်မီ ဇန်နဝါရီလ ၈ ရက်နေ့တွင်
ဆေးတက္ကသိုလ် (၂) ရန်ကုန်၌ အကြိုအလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ကျင်းပမည်ဖြစ်ပါသည်။
ယခုနှီးနှောဖလှယ်ပွဲ၏ဆောင်ပုဒ်မှာ “Pathology Updates in Theranostic Era” ဖြစ်ပါသည်။ အဆိုပါဆောင်ပုဒ်အား
မည်သို့သောအဓိပ္ပာယ်ဖြင့် သတ်မှတ်ရသည်ကို မရှင်းလင်းမီ ဆေးသိပ္ပံပညာရပ်နှင့်တွဲလျက်
ပေါ်ထွန်းလာခဲ့သော “Pathology”
ဟုခေါ်သည့် ရောဂါဗေဒပညာရပ်အကြောင်းကို ရှေးဦးစွာ တင်ပြလိုပါသည်။ Pathology ဘာသာရပ်ဆိုသည်မှာ
ရောဂါတစ်ခုဖြစ်စေသော အကြောင်းရင်း၊ ရောဂါဇာစ်မြစ်၊
ရောဂါဆင့်ပွားလာပုံအဆင့်ဆင့်နှင့် နောက်ဆက်တွဲပြဿနာများကို
ခန္ဓာကိုယ်အတွင်းအင်္ဂါများ၊ အသားစနှင့် အရည်အမျိုးမျိုးတို့ကို ဓာတ်ခွဲခန်း၌
ခွဲခြမ်းစိတ်ဖြာလေ့လာသော ကျယ်ပြန့်နက်ရှိုင်း သည့် ဆေးပညာရပ်တစ်ခုဖြစ်ပါသည်။ 
ဆေးပညာဖခင်ကြီး ဂရိသမားတော်
ဟစ်ပိုခရေးတီးမှအစပြု၍ အဆင့်ဆင့်သော ပညာရှင်တို့သည် သေဆုံးသူ၏ရုပ်အလောင်းကို
ခွဲစိတ်ပြီး သေဆုံးရခြင်းအကြောင်းရင်းကို ရှာဖွေခဲ့ကြပါသည်။ သာမန်
မျက်စိဖြင့်မမြင်နိုင်သည့် ဆဲလ်တစ်ခုချင်းစီ၏ အသေးစိတ်အထိ တွေ့မြင်လေ့လာနိုင်ရန်
အဆပေါင်းများစွာ ချဲ့ထွင်သော အလင်းသုံးအဏုကြည့်မှန်ဘီလူးကို အသုံးပြုပြီး
ရောဂါဗေဒပညာရပ်ကို တစ်ခေတ် ဆန်းစေခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ကျော်
ကြာခဲ့ပြီဖြစ်ပါသည်။ 
ရောဂါရှာဖွေရေး နည်းပညာအသစ်များ
ထိုမှတစ်ဆင့် အေးခဲအသားဖြတ်စများကို လေ့လာသောပညာရပ်
(Frozen Section
Analysis)၊ အီလက်ထရွန်အရွယ်အစားအထိ ကြည့်ရှုနိုင်သော အဏုကြည့်မှန်ဘီလူး
(Electron Microscope)၊
တုံ့ပြန်ဓာတ်ပြုဆိုးဆေးများ အသုံးပြု၍ ရောဂါရှာဖွေခြင်း (Immunohisto- chemistry)၊ သွေးဖြူဥ
ကင်ဆာဆဲလ်များကို အမျိုးအစားခွဲခြားစိတ်ဖြာစစ်ဆေးခြင်း (Flow Cytometry)၊ မော်လီ
ကျူးအဆင့် ရောဂါရှာဖွေသတ်မှတ်ခြင်း (Molecular Profiling)၊ မျိုးရိုးဗီဇဆိုင်ရာ လေ့လာခြင်း
(Cytogenetic) စသည်ဖြင့်
ဆင့်ကဲတိုးတက်လာသည့် ရောဂါရှာဖွေရေး နည်းပညာအသစ်များက လူသားတိုင်း သက်ရှည်ကျန်းမာနေထိုင်လိုသည့်
ဆန္ဒကောင်းများကို ဖြည့်ဆည်းပေးနိုင် လာကြပါသည်။ 
Chemical Pathology ဘာသာရပ်အနေဖြင့် ဟော်မုန်းနှင့် ပရိုတင်းဓာတ်များ
လွန်ကဲမြင့်တက်လာမှုကို စစ်ဆေးပြီး ကင်ဆာရောဂါများကို ကြိုတင်သိရှိနိုင်သည့်
တိကျမှန်ကန်သော အဆင့်မြင့် Fully Automated Analyzer များ မပြတ်ပေါ်ထွက်လာနေပြီဖြစ်သည့်အတွက် ကင်ဆာရောဂါများ
အဆင့်မလွန်မီကတည်းက ကြိုတင်သိရှိ ကုသပေးနိုင်ပြီ ဖြစ်ပါသည်။ 
အရည်အသွေးပြည့်ပြီး အန္တရာယ်ကင်းသော သွေးသွင်းကုသမှု
(Blood Transfusion
Services) ပညာရပ်သည် အသက်ကယ်လုပ်ငန်းတစ်ခုထက် သာလွန်၍ ရောဂါရှာဖွေရေးအတွက်ပါ
ကျယ်ပြန့်စွာ တိုးတက်နေပြီဖြစ်သည့်အတွက် စေတနာသွေးလှူရှင်တို့ လှူဒါန်းရာမှ
ရရှိသော သွေးတစ်မျိုးတည်းမှ သွေးနီဥ၊ သွေးရည်ကြည်၊ သွေးဥ မွှားနှင့်
အနုစိတ်အဆင့်ဆင့် သွေးခဲပစ္စည်းများ ခွဲထုတ်ကာ မတူညီသော ဝေဒနာရှင်များစွာအတွက် တစ်ဦးချင်း
လိုအပ်ချက်အတိုင်း ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ သွေးဆဲလ်များမှ ပင်မဆဲလ်နှင့်
သွေးဖြူဥအတွင်းမှ ရောဂါတိုက်ထုတ်ပေးနိုင်သည့် ဆဲလ်များကို ဓာတ်ခွဲခန်းအတွင်း ပြင်ဆင်၍
ပြန်လည်ကုသပေးသည့် (CAR-T
Therapy) စသည့် တိုးတက်ဆန်းပြားသော နည်းပညာများဖြင့် လှူဒါန်းသွေးကို
အစွမ်းထက် ကုသပစ္စည်းများအဖြစ် အသွင်ပြောင်းထုတ်လုပ်နိုင်နေပြီ ဖြစ်ပါသည်။
ဝေဒနာရှင်တစ်ဦးချင်းစီအတွက် ကုထုံးစနစ်
Molecular Profiling နည်းပညာဖြင့် ကင်ဆာရောဂါဆိုင်ရာ
မျိုးရိုးဗီဇနှင့် ဗီဇပြောင်းလဲမှုများကို ရှာဖွေပြီး ထိုတွေ့ရှိချက်ဖြင့် ဝေဒနာရှင်၏ရောဂါအား
တိုက်ရိုက်တိုက်ခိုက်နိုင်မည့် အထူးပြုဆေးဝါးများ အသုံးပြုကုသနိုင်ပြီဖြစ်၍ ကင်ဆာရောဂါများ
ပျောက်ကင်းမှုနှုန်း၊ အသက်ရှင်မှုနှုန်းများ မြင့်မားလာကာ သက်တမ်းစေ့နီးပါး
နေထိုင်လာနိုင်ကြပြီဖြစ်ပါသည်။ ရောဂါဗေဒပညာရှင်မှ အဆိုပါ Targeted Therapies ကုသမှုအစဉ်အတိုင်း
ဝေဒနာရှင်တစ်ဦးချင်းစီအတွက် ကုထုံးစနစ်ကို
ထိန်းကျောင်းပြုပြင်ပေးနိုင်လာပြီဖြစ်ပါသည်။
ခန္ဓာကိုယ်အစိတ်အပိုင်းများ
အစားထိုးကုသခြင်းဆိုင်ရာ ရောဂါဗေဒပညာရပ်ဖြစ်သည့် (Transplant Pathology) ဆိုသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းသူနှင့်
လက်ခံသူ နှစ်ဦးကြား HLAs
protein ဓာတ်များ ကိုက်ညီမှုရှိမရှိ အသေးစိတ်စစ်ဆေးရသော ပညာရပ်ဖြစ်သည့်အတွက်
အောင်မြင်သောအစားထိုးကုသမှု ရရှိနိုင်ရန် တိုက်ဆိုင်စစ်ဆေးပေးသော
ရောဂါဗေဒပညာရှင်တို့၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီးလှပါသည်။ 
နယ်ပယ်သစ်သို့ 
ဖော်ပြခဲ့သော ရောဂါရှာဖွေရေးနည်းပညာအသစ်များကြောင့်
Pathology ၏ မူလအစအဓိပ္ပာယ်ဖြစ်သော
ရောဂါဖြစ်ပွားခြင်းနှင့် ဖြစ်တည်ပုံအဆင့်ဆင့်ကို ရှာဖွေခြင်းဟူသည့် “Diagnostic Pathology” အဆင့်ကို
ကျော်လွန်ပြီး “Theranostic
Pathology” ဟူသည့် နယ်ပယ် သစ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ “Theranostic Pathology” ဟူသည်မှာ
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဟူသည့် နယ်ပယ်နှစ်ခုကို ပေါင်းစပ်ထားသည့်အသွင်ဖြင့်
လူနာတစ်ဦးချင်းစီအတွက် အနီးစပ်ဆုံးမှ အတိကျဆုံးအထိ ရောဂါပျောက်ကင်းဆေးဝါးများကို
ဖော်ထုတ်နိုင်သော ရောဂါရှာဖွေလေ့လာရေး ပညာရပ်အသစ်ဖြစ်ပါသည်။ 
ယခုအခါ ကမ္ဘာနှင့်တစ်ဝန်း ရောဂါဗေဒပညာရှင်များသည်
ဝေဒနာရှင်တို့ သက်ရှည်ကျန်းမာရေးကိုရှေးရှုကာ ပညာရှင်တစ်ဦးတစ်ယောက်တည်း၏ ထင်မြင်ယူဆချက်များထက်
အခြားရောဂါဗေဒပညာရှင်တို့၏ အကြံဉာဏ်၊ ထင်မြင်ချက်တို့ကို အမြန်ရရှိပေါင်းစပ်နိုင်စေရေး၊
သင်ကြားရေးနှင့် သုတေသနနယ်ပယ် တိုးတက်ရေးတို့ကိုပါ ဦးတည်သည့် “Virtual Consultation” ဖြင့်
အင်တာနက်မှတစ်ဆင့် တိုင်ပင်နှီးနှောသည့် “Tele-Pathology” ဟူသည့် ရောဂါရှာဖွေနည်းသစ်ကိုလည်း ၁၉၉၀
ပြည့်နှစ် ဝန်းကျင်ကတည်းက တွင်ကျယ် စွာ အသုံးပြုနေကြပြီဖြစ်ပါသည်။
ဉာဏ်ရည်တုနည်းပညာကို စတင်အသုံးပြုလာခြင်း
ရောဂါရှာဖွေရေးပညာရပ်၌ ဉာဏ်ရည်တုနည်းပညာ “Artificial Intelligence” ကို စတင်အသုံးပြုလာခြင်းကြောင့်
အသားစနှင့် အရည်အမျိုးမျိုးတို့ကို အဏုကြည့်မှန်ဘီလူးအောက်တွင် လေ့လာကြည့်ရှုရာ၌
ဓာတ်သဘောမပျက်စီးစေဘဲ ကောင်းမွန်သော ပုံရိပ်အရည်အသွေးရရှိစေရန် ပြင်ဆင်ထားသော
မှန်ချပ်များကို ရောဂါဗေဒပညာရှင်တို့ကိုယ်တိုင် ဖတ်ရှုရန်မလိုအပ်ဘဲ အဆိုပါမှန်ချပ်တစ်ခုလုံးအား
ဒစ်ဂျစ်တယ်နည်းပညာဖြင့် အမြန်ဆုံးဖတ်ရှုပေးပြီး ရောဂါအမည်ကို
အကြမ်းဖျင်းကူညီဖော်ထုတ်ပေးနိုင်လာပြီဖြစ်ပါသည်။ 
ထိုအကူအညီသည် ရောဂါဗေဒပညာရှင်များနှင့် ဓာတ်ခွဲမှုဆိုင်ရာ
နည်းပညာရှင်တို့အား အစားထိုးရန်မဟုတ်ဘဲ အချိန်နှင့်အလုပ် ဝန်ထုပ်ဖိစီးမှု သက်သာစေကာ
နည်းစနစ်မှန် ရောဂါရှာဖွေရေးတွင် အားဖြည့်ပံ့ပိုးခြင်းသာဖြစ်ပါသည်။
ထို့အပြင် AI နည်းပညာအကူအညီကြောင့် ရောဂါရှာဖွေရေး
နယ်ပယ်အပြင် ရောဂါပြင်းထန်မှုပမာဏ ခန့်မှန်းခြင်း၊ မျိုးရိုးဗီဇ
ပြောင်းလဲမှုရှာဖွေခြင်း၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ နယ်ပယ်ချဲ့ထွင်
တိုးတက်လာစေခြင်း၊ ကင်ဆာရောဂါဆိုင်ရာ ဆေးဝါးအသစ်များ ရှာဖွေနိုင်ခြင်းစသည့်
ကျန်းမာရေးနယ်ပယ်အသီးသီး၌ ဖွံ့ဖြိုး တိုးတက်မှုများ တွေ့ရှိလာရပါသည်။
အနာဂတ် ပညာရပ်ဆိုင်ရာ တိုးတက်ရေး
မြန်မာနိုင်ငံတွင် ဆေးပညာဘွဲ့ M.B.,B.S သင်တန်းကို ၁၉၂၃
ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် ရောဂါဗေဒ (ပါမောက္ခ) တာဝန်ကို နိုင်ငံခြားသားဆရာဝန်ကြီးများဖြင့်
တာဝန်ယူခဲ့ကြပြီး ၁၉၅၆ တွင် ဒေါက်တာခင်မောင်ဝင်းက ပထမဆုံးသော မြန်မာနိုင်ငံသား
ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊
ဆေးလက်တွေ့ရောဂါဗေဒအဖွဲ့ကို ၁၉၈၄ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီးနောက် ၂၀၁၉
ခုနှစ်အထိ မြန်မာနိုင်ငံ ရောဂါဗေဒညီလာခံကို (၁၁) ကြိမ်မြောက်အထိ
ကျင်းပနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရောဂါဗေဒပညာရှင်များ၏ ပညာရပ်ဆိုင်ရာ စာတမ်းများ၊
လေ့လာမှုများနှင့် ဆွေးနွေးပွဲ ရလဒ်များမှသည် အနာဂတ်ပညာရပ်ဆိုင်ရာ တိုးတက်ရေးအခြေခံကောင်းများ
ချမှတ်နိုင်ခဲ့ကြပါသည်။ 
ရောဂါဗေဒဒီပလိုမာသင်တန်းကို ၁၉၆၅ ခုနှစ်၊ ဆေးပညာမဟာသိပ္ပံ
(ရောဂါဗေဒ) သင်တန်းကို ၁၉၉၁ မှ ယနေ့အထိ၊ ရောဂါ ဗေဒပါရဂူ (Ph.D) သင်တန်းကို ၁၉၉၈
မှ ၂၀၁၉ ခုနှစ်အထိ၊ ဘာသာခွဲ များအလိုက် ရောဂါဗေဒ ဆေးလက်တွေ့ပါရဂူ (Doctorate) ဘွဲ့သင်တန်းကို ၂၀၂၀
ပြည့်နှစ်မှ ယနေ့အထိ ဖွင့်လှစ်နေပြီး ရောဂါဗေဒ အထူးကုဆရာဝန်များ စုစုပေါင်း ၈၈၇
ဦးအထိ ရှိနေပြီဖြစ်ကာ ပြည်တွင်း၊ ပြည်ပဆေးရုံကြီးများ၊ ဆေးနှင့်
ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ဆေးသုတေသနဦးစီးဌာန၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်ဆေးရုံကြီးများနှင့်
ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍအသီးသီးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 
အစဉ်အလာကောင်းတစ်ခုအနေဖြင့် ရောဂါဗေဒဆရာဝန်များအဖွဲ့မှ
ဝါရင့်ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင်ပြီး ရောဂါအမည်တပ်ရန် ခက်ခဲနက်နဲသော
ပြဿနာများကို ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးကြသည့် ဘွဲ့လွန်သင်တန်းသား
သင်တန်းသူများအတွက် လေ့လာသင်ကြားနိုင်ရေး အစီအစဉ်ကိုလည်း နှစ်လလျှင်တစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
ရောဂါဗေဒ ရှေ့ပြေးခေတ် ရှာဖွေကုသ
နယ်ပယ်အသစ်
ကျင်းပတော့မည့် နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်ဖြစ်သော
“Pathology Updates in
Theranostic Era” ကို ရိုးရှင်းစွာဖြင့် “ရောဂါဗေဒ ရှေ့ပြေးခေတ် ရှာဖွေကုသ နယ်ပယ်အသစ်”
ဟု အဓိပ္ပာယ် ဖွင့်ဆိုလိုပြီး ဆိုခဲ့ပြီးသော ရာစုနှစ်၊ ဆယ်စုနှစ်အတွင်း တစ်ဟုန်ထိုးတိုးတက်လာသည့်
နည်းပညာအသစ်များဖြင့် ပြည်သူ လူထုအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု
(Quality Healthcare)ကို
ရောဂါရှာဖွေရေးအပြင် ကုသမှုရှုထောင့်မှပါ အပြည့်အဝပေးနိုင်စေရေး ရည်ရွယ်ချက်ဖြင့်
နှီးနှောဖလှယ်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။
နှီးနှောဖလှယ်ပွဲမတိုင်မီ
အကြိုအလုပ်ရုံဆွေးနွေးပွဲ၌ Immuno-histochemistry Technique (တုံ့ပြန်ဓာတ်ပြုဆိုးဆေးများ
အသုံးပြု၍ ရောဂါရှာဖွေခြင်းနည်းပညာ) ကို ရောဂါဗေဒဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာရှင်များအား
စင်ကာပူနိုင်ငံမှ ရောဂါဗေဒဆရာဝန်ကြီးအပါအဝင် ပြည်တွင်းပညာရှင်များက
လက်တွေ့သင်ကြားပြသပေးမည်ဖြစ်ရာ ရလဒ်ကောင်းအနေဖြင့်
နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးမည့် အဆင့်မြင့်ဓာတ်ခွဲဆေးပစ္စည်းများကို
အကျိုးရှိစွာအသုံးချပြီး ဝေဒနာရှင်တို့အတွက် တိကျမှန်ကန်သော ရောဂါအမည်ကို
ဖော်ထုတ်ပေးနိုင်မည်ဖြစ်ပါသည်။ 
နှီးနှောဖလှယ်ပွဲနှစ်ရက်တွင်လည်း ရောဂါဗေဒဘာသာရပ်၏
ပင်မဒေါက်တိုင်ဖြစ်သည့် အသားမျှင်ဗေဒ၊ သွေးရောဂါဗေဒ၊ ဓာတု ရောဂါဗေဒနှင့်
လုံခြုံစိတ်ချရသော သွေးသွင်းကုသမှုဆိုင်ရာ ဘာသာရပ် တို့၏
နောက်ဆုံးပေါ်နည်းပညာရပ်များ၊ Tele-Pathology & Artificial Intelligence in Pathology ကဏ္ဍများ
တိုးတက်စေရေးတို့ကို ပြည်တွင်းမှ ရောဂါဗေဒပညာရှင်များ၊ ရုရှားနှင့်
ဂျပန်နိုင်ငံတို့မှ ပညာရှင်များက တင်ပြကြမည့်အပြင် ရောဂါအဖြေရှာရခက်သည့်
ကိစ္စရပ်များကို မည်ကဲ့သို့ ထုတ်ဖော်ဖြေရှင်းနိုင်သည်ဆိုသည့် ဆွေးနွေးချက်များကို
တိုက်ရိုက်တင်ပြချက်များ၊ ပိုစတာတင်ပြချက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်
ကျင်းပမည်ဖြစ်ပါသည်။ 
ထို့အပြင် အတွေ့အကြုံရှိ ဝါရင့်ရောဂါဗေဒပညာရှင်ကြီးများက
ပို့ချမည့် Key Notes များသည် ရောဂါဗေဒဆရာဝန်ငယ်များအတွက်
ကိုင်စွဲရမည့် လုပ်ငန်းလမ်းညွှန်သဖွယ် နာယူမှတ်သားခွင့်ရရှိမည် ဖြစ်ပါသည်။
ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၏
ဘုံရည်မှန်းချက်
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော
အမျိုးသားအဆင့် ကျန်းမာရေးညီလာခံနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၏
ဘုံရည်မှန်းချက်မှာ ကမ္ဘာတစ်ဝန်း တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည့်
ဆေးပညာရပ်ဆိုင်ရာ နည်းနာသစ်များကို မြန်မာနိုင်ငံ ကျန်းမာရေး
စောင့်ရှောက်မှုကဏ္ဍအသီးသီး၌ တာဝန်ယူဆောင်ရွက်ပေးနေသည့် ပညာရှင်အသီးသီးတို့ လက်လှမ်းမီသိရှိပြီး
ပြည်သူလူထုတိုင်း သက်ရှည်ကျန်းမာ သက်တမ်းစေ့နေနိုင်ရေးအတွက် ကျန်းမာရေး
စောင့်ရှောက်မှုပေးနိုင်ရေး ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်
ရောဂါရှာဖွေရေးနယ်ပယ်သာမက ကုထုံးဖော်စပ်သည့် နယ်ပယ်အထိပါ ကျယ်ဝန်းလှသည့် ပြောင်းလဲတိုးတက်နေသည့်
ရောဂါဗေဒ နည်းပညာအသစ်များကို ဆွေးနွေးကြားနာရမည့် မြန်မာနိုင်ငံ
ရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄) သည် ကုသရေး၊ သင်ကြားရေးနှင့် သုတေသနနယ်ပယ်များ၌
တာဝန်ထမ်းဆောင်နေကြ သည့် ရောဂါဗေဒဆရာဝန် ကြီး/ငယ်များအတွက် ပညာတန်ဖိုးကြီးမားလှသည့်အပြင်
မြန်မာနိုင်ငံ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကောင်းကျိုးဖော်ဆောင်ပေးနိုင်မည့် ကျန်းမာရေးဝန်ကြီးဌာနမှ
ဦးဆောင်ကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး ဖြစ်ပါကြောင်း
ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။ 

No comments:
Post a Comment