Tuesday, January 2, 2024

ဆံတော်ရှင်ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

 


ရန်ကုန် ဇန်နဝါရီ ၁

ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၌ ဥပ္ပါတသန္တိသုတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။

ကြွရောက်တော်မူ

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆံတော်ရှင်ဆူးလေစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကာလင်္ကာရစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ကြီးနှင့် ဘာဏကသံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆံတော်ရှင်ဆူးလေစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဆရာတော်များနှင့် ပရိသတ်များက ဣတိပိသောဘဂဝါအစချီ‌သော ရတနာမြတ်သုံးပါး ဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျ ဘာဏကသံဃာတော်က ဥပ္ပါတသန္တိသုတ်တော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ ဘုရားစေတီများ၌ ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှ မေ ၅ ရက်အထိ ၁၂၆ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment