တက္ကသိုလ်မောင်ရူပ
နှစ်သစ်တစ်ခုကို စတင်ကူးပြောင်းတဲ့ပထမဆုံးနေ့မှာ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ဂျပန်လူမျိုးတွေဟာ မိသားစုလိုက် ဘုရားကျောင်းကိုသွားပြီး အရိုအသေ အလေးအမြတ်ပြုမှုနဲ့ လာမယ့်နှစ်တစ်နှစ်လုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု၊ ကျန်းမာချမ်းသာမှု၊ ကြွယ်ဝချမ်းသာမှုနဲ့ လုပ်ငန်းကိုင်ငန်းတွေမှာ အစစအရာရာ အဆင်ပြေမှုရှိစေဖို့ ဆုတောင်းကြလေ့ရှိပါတယ်။ ဂျပန်လိုတော့ ဟတ်ဆူမိုဒေး (Hatsumode) လို့ ခေါ်တဲ့ ဓလေ့ထုံးစံတစ်ခု ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ဟာ ဂျပန်နိုင်ငံမှာ တရားဝင်ရုံးပိတ်ရက် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်သစ်အစ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ထုံးစံအတိုင်း ဘုရားကျောင်းကန်တွေမှာ လူစည်ကားခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး တည်ငြိမ်အေးချမ်းမှုရရှိစေဖို့ ဆုတောင်းခဲ့ကြတဲ့ ဂျပန်လူမျိုးတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ ဖြစ်စဉ်ကြီးတစ်ခုကတော့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ ဖြစ်ပွားခဲ့ပါတယ်။
နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့သည်
ဂျပန်လူမျိုးများ ဘုရားကျောင်းများသို့ သွားရောက်ဝတ်ပြု ဆုတောင်းကြသည့်နေ့ဖြစ်သည်။
အင်အားပြင်းမြေငလျင်ကြီး 
အဲဒီဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁
ရက်နေ့ ညနေပိုင်း ဂျပန်စံတော်ချိန် ၁၆:၁၀ နာရီမှာ ဂျပန်နိုင်ငံအနောက်ဘက် ဂျပန်ပင်လယ်ပြင်ကို
မျက်နှာမူနေတဲ့ အီရှီကာဝါပြည်နယ် (Ishikawa Prefecture) မှာရှိတဲ့ နိုတိုကျွန်းဆွယ် (Noto Peninsula) ကို ဗဟိုပြုပြီး အင်အားပြင်းထန်တဲ့
ရစ်ချ်တာစကေး အဆင့် ၆ ဒသမ ၇ ရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
မြေငလျင်ရဲ့ ပြင်းအား ပမာဏ ကြီးမားတာကြောင့်ရယ်၊ ဂျပန်ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့
ကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဖြစ်လို့ နောက်ဆက်တွဲဆူနာမီရေလှိုင်းကြီးတွေ
ဖြစ်ပေါ်လာနိုင်တာကြောင့် ဂျပန်မိုးလေဝသအေဂျင်စီဟာ အီရှီကာဝါပြည်နယ်၊ နိုတိုဒေသ၊
ယာမာဂါတာ၊ နီဂါတာ၊ တိုးယာမ၊ ဖူကူအီ၊ ဟိုဂိုပြည်နယ်တွေအတွက် ဆူနာမီသတိပေးချက်တွေ ချက်ချင်းထုတ်ပြန်ခဲ့ရပါတယ်။
အဲဒီပြည်နယ်အတွင်းရှိ ကမ်းခြေနဲ့နီးစပ်တဲ့ဒေသတွေမှာ နေထိုင်နေကြတဲ့
ပြည်သူတွေအနေနဲ့ ကုန်းမြင့်ဒေသတွေဆီကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း
သတိပေးချက်တွေ အဆက်မပြတ် ထုတ်လွှင့်ခဲ့ပါတယ်။ 
အီရှီကာဝါပြည်နယ် ဆူဇုမြို့မှာတော့ အမြင့်
၁ ဒသမ ၂ မီတာရှိတဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်မှု ရှိခဲ့တာကလွဲရင် ပြင်းထန်တဲ့
ဆူနာမီရေလှိုင်းတွေ မဖြစ်ပေါ်ခဲ့တာကြောင့် သတိပေးချက်တွေကို ဇန်နဝါရီလ ၂ ရက်နေ့မှာ
ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ မြေငလျင်ကြောင့် အီရှီကာဝါပြည်နယ် အတွင်းမှာရှိတဲ့
မြို့တွေမှာ အိမ်တွေပြိုကျပျက်စီးမှု၊ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့သလို
အနီးအနားပတ်ဝန်းကျင်က ပြည်နယ်အချို့မှာလည်း အိမ်တွေပြိုကျပျက်စီးမှုတွေ
ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် မော်တော်ကားလမ်းတွေမှာလည်း အက်ကြောင်းကြီးတွေ ဖြစ်ပွားခဲ့တာကြောင့်
လမ်းပန်းဆက်သွယ်မှုကိုလည်း ထိခိုက်စေခဲ့ပါတယ်။ ဆူဇုဆိပ်ကမ်းမြို့မှာ ငါးဖမ်းလှေအများအပြား
ပျက်စီး ဆုံးရှုံးမှုရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့အထိ စာရင်းများအရ လူပေါင်း ၉၂
ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၄၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိ
ခဲ့ပါတယ်။ ပြိုကျပျက်စီးတဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေနိုင်တဲ့သူတွေ
ရှိနေနိုင်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ယခုအချိန်အထိ ဆောင်ရွက်နေကြဆဲ
ဖြစ်ပါတယ်။ 
ဂျပန်အစိုးရ၏တုံ့ပြန်မှု 
နိုတိုကျွန်းဆွယ် မြေငလျင်ကြီးလှုပ်ခတ်ပြီး
မကြာခင်အချိန်မှာပဲ ဂျပန်အစိုးရဟာ အရေးပေါ်
သဘာဝဘေးထိန်းချုပ်ရေးကွပ်ကဲမှုရုံးချုပ် (Emergency Disaster Control Headquarters) ကို
ဖွဲ့စည်းခဲ့ပါတယ်။ ကွပ်ကဲမှုရုံးချုပ်ဖွဲ့စည်းမှုနဲ့အတူ
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ တွေကို ချက်ချင်းစေလွှတ်ခဲ့ပြီး
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ထိခိုက်ခဲ့သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ
ဆောင်ရွက်ပေးခဲ့ကြောင်း ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ကီရှီဒါက
မြေငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသမှာ အပျက်အစီးတွေ များပြားကြောင်း၊ အဆောက်အအုံပြိုကျပျက်စီးမှုတွေရှိကြောင်း၊
အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိကြောင်း၊ သတင်းရရှိတဲ့အတွက်
၎င်းအနေနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီက အကူအညီတောင်းခံမှုတွေကို စောင့်ဆိုင်းမနေဘဲ
လုပ်ပေးစရာရှိတဲ့ အကူအညီတွေကို ချက်ချင်းဆောင်ရွက်ပေးဖို့ push-type assistance ပုံစံနဲ့
ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အစိုးရအဖွဲ့၊ အတွင်းရေးမှူးချုပ်
ယိုရှီမာဆာ ဟာယာရှီကလည်း အစိုးရအနေနဲ့ လူပေါင်း ၅၇၃၆၀ ကို ကယ်ဆယ်ရေးစခန်း ၉၅၅
ခုမှာ စောင့်ရှောက်ထားပြီး လိုအပ်တဲ့အကူအညီတွေ ပေးအပ်နေကြောင်း၊
ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင် ၁၀၃၀၊ ရဲတပ်ဖွဲ့ဝင် ၆၃၄ ဦး၊
မီးသတ်တပ်ဖွဲ့ဝင် ၂၀၃၇ ဦးနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၂၂ ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရန် စေလွှတ်ထား ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း
မော်တော်ကားလမ်းတွေ အက်ကွဲပြိုကျမှု၊ တံတား အချို့ပြိုကျမှုတွေကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်
အခက်အခဲအချို့ကြုံတွေ့ရကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် မြေငလျင်ကြောင့်
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပွားခဲ့ရာမှာ အိမ်ထောင်စုပေါင်း ၃၂၉၀၀ ဟာ
လျှပ်စစ်မီးပြတ်တောက်မှုတွေကို ကြုံတွေ့နေကြရပါတယ်။ မြေငလျင်ကြောင့် Hokuriku နဲ့ Joetsu ရှင်ကန်ဆန် အမြန်ရထားလိုင်းတွေကိုလည်း
တစ်စိတ်တစ်ပိုင်း ရပ်နားထားခဲ့ရပါတယ်။
 မြေငလျင်ကြောင့် မော်တော်ကားလမ်း ပျက်စီးမှုများဖြစ်ပွားခဲ့ရာ
ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ 
ဂျပန်နိုင်ငံဟာ ငလျင်ဒဏ်ကို မကြာခဏ
ကြုံတွေ့ခံစားရတာကြောင့် အရာရာတိုင်းကို စနစ်တကျ တွက်ချက်ဆောင်ရွက်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ငလျင်လှုပ်ပြီဆိုတာနဲ့ အန္တရာယ်ရှိနိုင်မှု အနေအထားပေါ်မူတည်ပြီး မြန်နှုန်းမြင့်အရှိန်နဲ့မောင်းနှင်နေတဲ့
ကျည်ဆန်ရထားတွေ အလိုအလျောက်ရပ်တန့်သွားစေမယ့် အာရုံခံစနစ်တွေ၊ ပြည်သူလူထုကို
ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ရပ်ကွက်အလိုက် အသိပေးနိုင်မယ့်စနစ်တွေ စီစဉ်ထားရှိပါတယ်။
အဆောက်အအုံတွေ ဆောက်လုပ် ရာမှာလည်း သတ်မှတ်ထားတဲ့စံနှုန်းစံထားဆိုင်ရာဥပဒေ (The Building Standards Law) ကို
ငလျင် ပြင်းအားပမာဏ ၆ (သို့မဟုတ်) ၇ အထိ ခံနိုင်ရည် ရှိရမယ့် ပြင်ဆင်ချက်ကို ၁၉၈၁
ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ကလေးသူငယ်၊ ကျောင်းသူ ကျောင်းသားတွေအပါအဝင်
ပြည်သူလူထုကိုလည်း ငလျင်လှုပ်လာရင် ဆောင်ရ၊ ရှောင်ရမယ့်အချက်တွေ ကိုလည်း
အမြဲတမ်းအသိပေးလျက်ရှိသလို လေ့ကျင့်မှုတွေလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။
တစ်နည်းအားဖြင့် ငလျင်ကို ရင်ဆိုင်နိုင်အောင် စနစ်တကျ ပြင်ဆင်ထားတဲ့နိုင်ငံ
ဖြစ်ပါတယ်။
ဒါကြောင့် အခုဖြစ်စဉ်မှာ ဂျပန်အစိုးရဟာ
မြေငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အလျင်အမြန် တုံ့ပြန်နိုင်မှုကို
ပြသနိုင်ခဲ့ပါတယ်။ ဂျပန်ပြည်သူတွေဟာလည်း ငလျင်နဲ့ပတ်သက်လို့ ဘေးအန္တရာယ်
ကြုံတွေ့လာရင် လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို သိရှိနားလည်ထားသူတွေ ဖြစ်ပါတယ်။ အသက်
ဆုံးရှုံးခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဒီလောက်ပြင်းအားပမာဏကြီးမားတဲ့
မြေငလျင် ကြောင့် လူ ၆၀ ကျော်သာ သေဆုံးခဲ့ရတာဟာ အဆိုးထဲက အကောင်းဖြစ်တယ်လို့ ပြောဆိုနိုင်ပါတယ်။
အခုငလျင်မှာ ထပ်မံကံကောင်းတယ်လို့ ပြောလို့ရတဲ့အချက်က ငလျင်လှုပ်ခတ်ခဲ့တဲ့ အီရှီကာဝါပြည်နယ်မှာ
Hokuriku Electric Power
Co. ရဲ့ Shika အဏုမြူ
ဓာတ်အားပေးစက်ရုံ တည်ရှိနေသလို အနီးအနားက နီဂါတာပြည်နယ်မှာ အဏုမြူဓာတ်အား
ပေးစက်ရုံ ခုနစ်ရုံ ရှိနေသော်လည်းပဲ အဏုမြူဓာတ်အားပေးစက်ရုံတွေမှာ ဘေးအန္တရာယ်
ကြီးကြီးမားမား ဖြစ်စေနိုင်မယ့် မည်သည့်ထိခိုက်မှုမျှ မဖြစ်ပွားခဲ့ခြင်းပဲ
ဖြစ်ပါတယ်။ အခုလို အဏုမြူဓာတ်အားပေးစက်ရုံတွေမှာ ထိခိုက်မှုမရှိခဲ့ခြင်းဟာ
ဂျပန်အစိုးရအတွက် များစွာ စိတ်သက်သာရစေမယ့်အချက် ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ၂၀၁၁ ခုနှစ် မတ်လ ၁၁
ရက်နေ့က ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ပစိဖိတ် ကမ်းလွန်ကိုဗဟိုပြုပြီး
အင်အားအလွန်ပြင်းထန်တဲ့ ရစ်ချ်တာ စကေးအဆင့် ၉ ရှိ မြေငလျင်ကြီး လှုပ်ခတ် ခဲ့စဉ်က
လူပေါင်း ၁၃၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို ဖူကူရှီးမားခရိုင်အတွင်းမှာရှိတဲ့
အဏုမြူဓာတ်အားပေး စက်ရုံအချို့ ထိခိုက်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို
ဂျပန်အစိုးရဟာ ကိုင်တွယ်ဖြေရှင်း ခဲ့ရပါတယ်။ ဖြစ်ပေါ်လာတဲ့ ဆူနာမီရေလှိုင်းကြီးတွေ
ကြောင့် အဏုမြူဓာတ်ပေါင်းဖိုတွေအတွင်း ပင်လယ်ရေတွေဝင်ရောက်ခဲ့ပြီး ဓာတ်ပေါင်းဖိုသုံးခုမှာ
အဏုမြူဓာတ်ကြွပစ္စည်းတွေ စိမ့်ထွက်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။
ဓာတ်ပေါင်းဖိုထဲဝင်ရောက်လာတဲ့ရေတွေမှာ
ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တွေ စိမ့်ဝင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ပြန်လည်စီးဝင်ရောက်ရှိခဲ့ပါ
တယ်။ ဒါ့အပြင် ဓာတ်ပေါင်းဖိုထဲက လောင်စာတွေ ကို အအေးခံဖို့ နေ့စဉ်ရေတွေ
ထည့်သွင်းအအေးခံနေရပြီး ပြန်ထွက်လာတဲ့ ရေဒီယိုသတ္တိကြွရေတွေ ကိုလည်း
ပြန်လည်သန့်စင်ပြီး သိုလှောင်ကန်တွေ တည်ဆောက်ပြီး ထိန်းသိမ်းထားခဲ့ရပါတယ်။ 
ဒီသန့်စင်ပြီးရေတွေကို သိုလှောင်ထားရာမှာ
တန်ချိန်ပေါင်း ၁ ဒသမ ၂၅ သန်းကို လှောင်ကန် ပေါင်း ၁၀၀၀ ကျော်နဲ့
သိုလှောင်ထားရသလို ၂၀၁၁ မြေငလျင်ကြောင့် ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖို သုံးခုကို
အအေးခံနေရတဲ့လုပ်ငန်းစဉ်ကနေ နေ့စဉ် ရေဒီယိုသတ္တိကြွရေတန်ချိန် ၁၅၀ ထွက်ရှိနေပါတယ်။
လှောင်ကန်တွေရဲ့ ရေသိုလှောင်နိုင်မှုပမာဏက တန်ချိန် ၁ ဒသမ ၃၇ သန်းသာ ရှိတာကြောင့်
၂၀၂၃ ခုနှစ်မှာ လှောင်ကန်တွေပြည့်လာတဲ့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး
ပစိဖိတ်သမုဒ္ဒရာအတွင်း အသုတ်လိုက် ပြန်လည်စွန့်ပစ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ၂၀၁၁
ခုနှစ် မြေငလျင်ကြီးလှုပ်ပြီး ၁၂ နှစ် ကြာမြင့်တဲ့အချိန်မှ သန့်စင်ပြီးရေတွေကို
ပြန်လည်စွန့်ပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြန်လည်စွန့်ပစ်နိုင်ဖို့ကလည်း လွယ်လွယ်နဲ့ဖြစ်လာတာ
မဟုတ်ဘဲ ငွေကြေးအရင်းအမြစ်တွေ၊ နည်းပညာအရင်းအမြစ်တွေ အသုံးပြုခဲ့ရသလို
နိုင်ငံရေးအရ လည်း ကြီးမားတဲ့အခက်အခဲတစ်ခု ဖြစ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ
အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)
က ပြန်လည်သန့်စင်ပြီးရေတွေကို ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်တဲ့ ဂျပန်အစိုးရရဲ့
အစီအစဉ်ဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံစိတ်ချရမှု စံချိန်စံညွှန်းတွေနဲ့
ညီညွတ်မှုရှိပြီး သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမရှိသလောက်ဖြစ်ကြောင်း
ထုတ်ပြန်ခဲ့ပေမယ့် ဒီသန့်စင်ပြီးရေတွေ စတင်စွန့်ပစ်ခဲ့တဲ့နေ့ကစပြီး ဂျပန်နိုင်ငံမှ
ပင်လယ်ထွက် အစားအစာတွေအားလုံးကို တရုတ်နိုင်ငံက တင်သွင်းခြင်းကို
လုံးဝပိတ်ပင်ခဲ့ပါတယ်။
ဒါကြောင့် အခုဇန်နဝါရီလ ၁ ရက်နေ့က
လှုပ်ခတ်ခဲ့တဲ့ နိုတိုကျွန်းဆွယ်ငလျင်ကြီးကြောင့် အဏုမြူ ဓာတ်အားပေးစက်ရုံတွေမှာ ထိခိုက်မှုမရှိခဲ့ခြင်းဟာ
ဂျပန်အစိုးရအတွက် များစွာစိတ်သက်သာရစေမယ့်အချက်လို့ ပြောကြားနိုင်တာ ဖြစ်ပါတယ်။
အဏုမြူ ဓာတ်ပေါင်းဖိုတွေသာ ထိခိုက်ခဲ့မယ်ဆိုရင် ၂၀၁၁ ခုနှစ် မြေငလျင်တုန်းကလို
နောက်ဆက်တွဲဖြေရှင်း ရမယ့် ပြဿနာတွေက ပိုမိုကြီးမားခေါင်းခဲစရာတွေ
ဖြစ်လာနိုင်ပါတယ်။ 
အခုမြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုတွေ၊
ပျက်စီးဆုံးရှုံးမှုတွေအတွက် နိုင်ငံတကာခေါင်းဆောင် တွေ၊ အကြီးအကဲတွေကလည်း ဂျပန်ဧကရာဇ်၊
ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးထံကို ဝမ်းနည်း စာနာထောက်ထားကြောင်း
သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။ လိုအပ်လာခဲ့ရင်လည်း အကူအညီတွေ တတ်နိုင်သလောက်
ပေးပို့ကူညီကြမယ့် အနေအထားမှာရှိကြပါတယ်။ သို့သော် ဂျပန်အစိုးရအနေနဲ့ ၂၀၁၁
မြေငလျင်ကြီးကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို
ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အတွေ့အကြုံကောင်းတွေရှိနေတာကြောင့် အခုမြေငလျင်
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိရောက်နိုင်နင်းစွာ ဆောင်ရွက်နိုင်မယ်ဆိုတာ
သံသယရှိစရာမလိုတဲ့အချက် ဖြစ်ပါတယ်။
ဂျပန်လေကြောင်းလိုင်း လေယာဉ်မတော်တဆမှု 
ဂျပန်တစ်နိုင်ငံလုံးဟာ ဇန်နဝါရီလ ၁
ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နိုတိုကျွန်းဆွယ်မြေငလျင်ကြီးအပေါ် အာရုံစိုက်နေကြစဉ်မှာ
နောက်ထပ်မမျှော်လင့်ဘဲ အန္တရာယ်ကြီးမားတဲ့ မတော်တဆမှုတစ်ခု နောက် တစ်ရက်မှာ
ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဲဒါက ဇန်နဝါရီလ ၂ ရက်နေ့က ဟော့ကိုင်းဒိုးပြည်နယ် Shin-Chitose လေဆိပ်ကနေ
တိုကျိုမြို့ Haneda လေဆိပ်ကို
ပျံသန်းလာတဲ့ ဂျပန်လေကြောင်းလိုင်း (Japan Airlines) Airbus A 350
ခရီးသည်တင်လေယာဉ်ဟာ Haneda
လေဆိပ်အဆင်း ညနေ ၁၇:၅၅ နာရီမှာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ Bombadier MA 722
လေယာဉ်နဲ့တိုက်မိပြီး ခရီးသည်တင်လေယာဉ်ဟာ မီးစွဲလောင်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ
ခရီး သည်တင်လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည် ၃၇၉ ဦးနဲ့ လေယာဉ်အမှုထမ်းတွေအားလုံးကို အချိန်မီ
ကယ်တင်နိုင်ခဲ့သော်လည်းပဲ Bombadier
MA 722 လေယာဉ်ပေါ်ပါရှိတဲ့ လေယာဉ်အမှုထမ်း ခြောက်ဦးအနက် ငါးဦးဟာ
ကံမကောင်းအကြောင်းမလှဘဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ Bombadier MA 722 လေယာဉ်ဟာလည်း
နိုတိုကျွန်းဆွယ်မြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့
သွားရောက်မယ့်လေယာဉ် ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ဒီလေယာဉ်
မတော်တဆမှုဖြစ်စဉ်ဟာလည်း နိုတိုမြေငလျင်နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အခုလို ၂၀၂၄ ခုနှစ် နှစ်သစ်အစမှာ အခုလိုသဘာဝဘေးအန္တရာယ်နဲ့
မတော်တဆမှုတွေ ဖြစ်ပွားမှုအပေါ်  များစွာစိတ်မကောင်းဖြစ်မိပါကြောင်းနဲ့ ရှေ့ဆက်ရမယ့်ခရီးမှာ
ကံကောင်းခြင်းတွေနဲ့သာ ကြုံတွေ့ပါစေရန် မိတ်ဆွေနိုင်ငံမှ ပြည်သူတစ်ဦးအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

No comments:
Post a Comment