Tuesday, January 2, 2024

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲပြသ

 


ရန်ကုန် ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝဥယျာဉ် မာလာမြိုင်ကျွန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးနှင့် တိုင်း‌ဒေသကြီး၀န်ကြီးများ၏ ဇနီးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ခင်းကျင်းပြသထားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်နှင့် ပြခန်းများ လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတွင် သစ်သီးဝလံပြိုင်ပွဲ(တစ်လုံးချင်း၊ ဥစား၊ အခိုင်လိုက်၊ အသီးပါအပင်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်၊ အထုပ်၊ အလုံးလိုက်၊ အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီယာ၊ ဗန်ဒါ၊ ဒန်ဒရိုဗီယမ်)၊ သစ်ခွအခြားအုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ(Indoor)၊ အရွက်အလှပင်ပြိုင်ပွဲ (Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပင်ပုပြိုင်ပွဲ(Bonsai) (၆လက်မနှင့် ၁၀ လက်မကြား)၊ သက်ကြီးပင်ပုပြိုင်ပွဲ (Bonsai) (၁၀ လက်မအထက်)၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးနှင့် တာ၀န်ရှိသူများက ဆုတံဆိပ်နှင့်‌ ငွေသားဆုများ ချီးမြှင့်ကြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း ၂၄ မျိုး၊ ပြခန်းပေါင်း ၃၃ ခန်းပါဝင်ပြီး‌ နေ့စဉ်နံနက် ၉ နာရီမှ ည‌‌နေ ၅ နာရီအထိ ဇန်နဝါရီ ၇ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာလင်း

No comments:

Post a Comment