Monday, January 1, 2024

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်၏ အကြိမ် (၅၀) မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အလှူဒါနအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၃၁

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်၏ အကြိမ် (၅၀) မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် အလှူဒါနအစုစုတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တော်ပေါ်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပသည်။

ကြွရောက်တော်မူ

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဦးဌေးဦးက အကြိမ် (၅၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြသည်။

ရေစက်သွန်းလောင်း အမျှပေး​ဝေ

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ပရိသတ်များက အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေး​ဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ဘုရားအမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးနှင့် သီလရှင် ဆရာလေး ၃၆ ပါးတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

သတင်းစဉ်

No comments:

Post a Comment