Wednesday, January 3, 2024

ကောလင်းမြို့နှင့် ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို တပ်မတော်မှ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရဟု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့သို့ ဝန်းသိုမြို့တွင်အခြေစိုက်သည့် တပ်ရင်းမှ ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီချိန်ခန့်တွင် လက်နက်ကြီးဖြင့် ၆ ကြိမ်ခန့်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့လယ်ရှိ လူစည်ကားရာ အရှေ့ဈေးအနီး ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ ၆ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Myanmar Now မှ လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် အခြားသတင်းများအရ ဇန်နဝါရီလ ၂ ရက်နေ့တွင် တပ်မတော်မှ ကောလင်းမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုမရှိကြောင်းနှင့် ယင်းနေ့နံနက်ပိုင်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်စစ်ကြောင်းကို အကြမ်းဖက်အဖွဲ့များက လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ပြီး ၎င်းလက်နက်ကြီးကျည်အချို့သည် အများပြည်သူနေထိုင်ရာ ကောလင်းမြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မျောက်တောင်ရွာကို ဇန်နဝါရီ ၂ ရက်နေ့တွင် တပ်မတော်က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက်၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းကို AA သတင်းအရင်းအမြစ်က ပြောဆိုသည်ဟု သတင်းတု၊ သတင်းအမှားများကို Khit Thit နှင့် Mizzima တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို တပ်မတော်မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း AA လက်နက်ကိုင် သောင်းကျန်းသူများမှ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် လက်နက်ကြီးများ၊ Drone များဖြင့် ကျေးရွာများသို့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ကာကွယ်ပေးလျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များကို တပ်မတော်သို့ အပြစ်ပုံချကာ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ လုပ်ကြံဖန်တီးရေးသားကာ ဝါဒဖြန့်ချီနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment