Friday, January 5, 2024

ပညာတိုးတက်မှ နိုင်ငံလူမှုစီးပွားဘဝမြင့်မား


 

 


ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများစွာတို့နှင့် ကြုံတွေ့ခဲ့ရသည်။ အခက်အခဲပဋိပက္ခများကြောင့် နိုင်ငံယိုယွင်းပျက်စီးလုနီးနီး ဖြစ်ခဲ့သည့်နိုင်ငံများရှိသည်။ ခေတ်ဆိုးကာလကြီးတွင် ပြည်သူများ ထိခိုက်ပျက်စီးခဲ့ကြရပြီး နာလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရသည်။ သို့သော်လူဟူသည် အသိဉာဏ်စွမ်းပကားမြင့်မားသူများဖြစ်ကြသဖြင့် သုညအခြေအနေမှ ပြန်လည်မြင့်တက်နိုင်အောင် ကြိုးစားနိုင်ကြသည်။ ထိုနိုင်ငံများကို ယနေ့မြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ပဋိပက္ခသံသရာထဲမှ မထွက်နိုင်အောင် ကျင်လည်ခဲ့ရသည်။ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်လောက်အောင်ဖြစ်ခဲ့သည်။ အခက်အခဲ၊ အနှောင့်အယှက်၊ အဟန့်အတားများကြောင့် ယနေ့သူတစ်ပါးနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအနေအဆင့်သို့ မရောက်နိုင်သေးသည်ကို တွေ့ရသည်။ ခေတ်ဆိုးကာလများကို ကြုံတွေ့ခဲ့ရသည့် နိုင်ငံများသည် နိုင်ငံပြန်လည်ထူထောင်နိုင်ရန်အတွက် ပညာရေးကို ဦးစားပေးခဲ့သည်။ ပြီးလျှင် စီးပွားရေးတိုးတက်အောင် လုပ်ကိုင်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေချိန်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်း ချက်နှစ်ရပ်ချမှတ်ထားသည်။ ထို့အတူ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကိုလည်း ချမှတ်ထားသည်။ အဆိုပါနိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များနှင့်ပြည့်စုံရန် လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် အသိပေးထားသည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးအတွက် အာမခံနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရေးကို အားပေးမြှင့်တင်ပေးနေသော်လည်း တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသအချို့တွင် ဘာသာစကားအခက်အခဲများ၊ ပညာ ရေးအားပေးမှုနည်းပါးခြင်းများနှင့် အခြားစိန်ခေါ်မှုများကြောင့် ပညာရေးဘက်တွင် အားနည်းနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူအားလုံး စာတတ်မြောက်ရန်နှင့် အတန်းပညာများ တတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများရေးကို ဦးတည်ကြိုးပမ်းကြရမည်ဖြစ်သည်။ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန်ဆန်းစစ်နိုင်သည့် အတွေးအခေါ်များရရှိမည် ဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူအားလုံး ပညာရည်တိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ လူငယ်များသည် အနာဂတ်ကို တာဝန်ယူဆောင်ရွက်ကြရမည့်သူများဖြစ်၍ လူငယ်များအားလုံး ပညာတတ်အောင်ကြိုးပမ်း ဆောင်ရွက်ပြီး ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်း တတ်စေရေးနှင့် တိုးတက်ပြောင်းလဲနေသော ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေ ရေးအတွက် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသောနိုင်ငံဖြစ်၍ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများကို တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိသည်။ လူတိုင်းလက်လှမ်းမီသည့်ပညာရေး ဖြစ်စေရန်အတွက် အလယ်တန်းပညာပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူပညာရပ်များ သင်ယူလေ့လာနိုင်ရန်အတွက် ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက် တန်းကျောင်း ၅၁ ကျောင်းဖွင့်လှစ်ပေးထားပြီး လာမည့်ပညာသင်နှစ်တွင် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်ကာ သင်ကြားပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများရှိနေ သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို မျက်ခြည်ပြတ်မခံဘဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကျွမ်းကျင်သူ၊ ပညာရှင်၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုနည်းပညာများကို လေ့လာဆည်းပူး၍ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ကာ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။       

No comments:

Post a Comment