Friday, January 5, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်


 

 

နေပြည်တော် ဇန်နဝါရီ ၄

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

 


















အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသည့် ပုဂ္ဂိုလ်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ထည်ဝါစွာရပ်တည်ခဲ့

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြော ကြားရာတွင် မိမိတို့နိုင်ငံတော် သည် ရှေးနှစ်ပေါင်းများစွာ ကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်စွာ အတူတကွစုပေါင်း နေထိုင်ခဲ့ကြသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည်ခဲ့ပါကြောင်း၊ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ကိုလိုနီနယ်ချဲ့များက ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး မတရားကျူးကျော်သိမ်းပိုက်ခဲ့သည့် အတွက် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးခဲ့ရပါကြောင်း။

ညီညီညွတ်ညွတ်ကြိုးပမ်းခဲ့

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည်မှာ တစ်ခဏတာအတွင်း ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေးရရှိရန် ကြာမြင့်စွာ ကြိုးပမ်းအားထုတ်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုဖွားတိုင်းရင်း သားအားလုံးက စည်းလုံးညီညွတ်စွာ ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်ဖြင့် ညီညီညွတ်ညွတ်ကြိုးပမ်းခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သည့်နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်ခံ့ညားစွာ ပြန်လည်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့သည် မိမိတို့နိုင်ငံအတွက် အလွန်အင်မတန်ထူးမြတ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယဖြစ်ပါကြောင်း။

အထူးအလေးထားပြီးဆောင်ရွက်

ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးကြိုးပမ်းမှုနှင့်အတူ တစ်ဖက်တွင်လည်း ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး စသည့်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း အထူးအလေးထားပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရစသည့် တိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီးများက တာဝန်ရှိသူများနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက ပုဂ္ဂိုလ်အသီးသီးတို့ကလည်း လက်တွဲကြိုးပမ်းနေကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ (၇၆)နှစ်မြောက်နေ့ထူးနေ့မြတ် အခါသမယတွင် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာ အကျိုးပြုခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင် နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီစွာတီထွင် ဖန်တီးအောင်မြင်အောင် စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသည့်ပုဂ္ဂိုလ်များကို ယခုကဲ့သို့ ထူးခြားလေးနက်သည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပါကြောင်း။

သားစဉ်မြေးဆက်ဂုဏ်ယူ

ယနေ့အခမ်းအနားတွင် သရေစည်သူဘွဲ့ ကိုးဦး၊ စည်သူဘွဲ့ငါးဦး၊ သူရဘွဲ့ခြောက်ဦး၊ သီရိပျံချီ ဘွဲ့ ၄၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၈၃ ဦး၊ အလင်္ကာကျော်စွာဘွဲ့ လေးဦး၊ သိပ္ပကျော်စွာဘွဲ့ လေးဦး၊ စုစုပေါင်း ၁၅၃ ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဘွဲ့ခံပုဂ္ဂိုလ်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ် သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက်သာမက သက်ဆိုင်ရာမိသားစုဝင် များအတွက်လည်း သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားစရာ အထိမ်းအမှတ်သင်္ကေတများ အဖြစ်ဖြင့် ဆက်လက်တည်ရှိနေကြမည် ဖြစ်ပါကြောင်း။

လွတ်လပ်ရေးခရီး (၇၆)နှစ်ပြည့်မြောက်လာပြီဖြစ်သည့် ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး၊ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးစသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ ဆက်လက်၍ လိုအပ်နေဦးမည်ဖြစ်သည့်အတွက် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွလက်တွဲဆောင်ရွက်သွားကြပါဟု အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ပြည်ထောင်စုစည်သူသင်္ဂဟ ဘွဲ့များဖြစ်ကြသည့် သရေစည်သူဘွဲ့ရရှိသူလေးဦးနှင့် စည်သူဘွဲ့ရရှိသူ သုံးဦး၊ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ခြောက်ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁၆ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိ သူ ၅၈ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ရရှိသူသုံးဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ လေးဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်းလက်ရောက်ချီးမြှင့် အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများနှင့် မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment