Tuesday, January 2, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၇၄)သင်တန်းဖွင့်

 


နေပြည်တော် ဇန်နဝါရီ ၁

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပညာရေးဝန်ကြီးဌာနမှ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းနေသည့် အခြေခံပညာ ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားစေရေး၊ ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် ပညာရည်မြင့်မားရေးလုပ်ငန်းများကို တည်ငြိမ်မှန်ကန်စွာဖြင့် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်တတ်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်လူငယ်များ မွေးထုတ်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိခင်ဝန်ကြီးဌာနနှင့် မိမိတို့ကျောင်း၏ဂုဏ်ကို မြှင့်တင်နိုင်ရေး ကြိုးစားကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းပြီးစိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်နှင့် ယုံကြည်ချက် ပိုမိုခိုင်မာလာသည့် ဆရာ ဆရာမများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၁၀၂ ဦး၊ သင်တန်းသူ ၄၂၁ ဦး စုစုပေါင်း ၅၂၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment