Saturday, December 30, 2023

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခိုအောင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက သွားရောက်တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦးကို ပြန်လည်ကယ်ထုတ်

နေပြည်တော် ဒီဇင်ဘာ ၃၀

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG ၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်ကျေးရွာများအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်း နေကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ဒေသခံပြည်သူများကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။



 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်း မျိုးစုံလုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက ဒီဇင်ဘာလ ၂၉ ရက်နံနက်ပိုင်းတွင် ၎င်းကျေးရွာပတ်ဝန်းကျင်အား လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ၏ ယာယီစခန်းတစ်ခုအားတွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများထံမှ RPG  ဒုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ခဲယမ်းမျိုးစုံ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့်   မော်တော်ယာဉ် ၇ စီး၊ မူးယစ်ဆေးဝါး မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်သမားများက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူ ၆ ဦးကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ဒဏ်ရာရရှိထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကျေးရွာများအတွင်းသို့ဝင်ရောက်ကာ ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အတင်းချုပ်နှောင်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)  ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်း ရေးဆောင်ရွက်မှု ( Counter-terrorism Action) ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment