Tuesday, December 5, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးက လက်ရောက်အပ်နှင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဒီဇင်ဘာ ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် ဆွေးနွေးသည်။





အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Iskander AZIZOV နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးဦးဆောင်သည့် အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးက ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးမားသောကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Order of Alexander Nevsky ဘွဲ့တံဆိပ်ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား Order of Friendship ဘွဲ့တံဆိပ်ကိုလည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်များကို လက်ရောက်အပ်နှင်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဆုတံဆိပ်ကိုလက်ရောက် အပ်နှင်းသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ Order of Friendship ဘွဲ့တံဆိပ်ကို လက်ရောက်အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ပေးအပ်သည့် ဘွဲ့တံဆိပ်ကို လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် အာဆီယံရေးရာကိစ္စရပ်များ၊ နိုင်ငံတကာနယ်ပယ်၌ ဧကဝင်ရိုး (Uni Polar)မှ ဗဟုဝင်ရိုး (Multi Polar) အဖြစ်ပြောင်းလဲလာပြီး နိုင်ငံကြီးတစ်ခုတည်းမှကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်မှုပြုလုပ်နိုင်မည့် အလားအလာနည်းပါးလာမှုနှင့်နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားနိုင်မှု အခြေအနေများ၊ ရုရှားနိုင်ငံ၏ အချုပ်အခြာတည်တံ့ခိုင်မြဲရေး ကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ရပ်တည်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံအကြား သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ အိမ်နီးချင်းနိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားတပ်မတော်နှစ်ရပ်အကြား ရေတပ်လေ့ကျင့်ခန်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများ၊ လေကြောင်းတိုက်ရိုက်ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍဍ၊ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံမှ ပညာတော်သင်များ ရုရှားနိုင်ငံသို့ ဆက်လက်စေလွှတ်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment