နေပြည်တော် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင်သံတံတားတို့အား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့အား ဒီဇင်ဘာ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းကစ၍ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်း ၁ ရင်းအား သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက စနစ်တကျပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများပြားသော်လည်း အင်အားထပ်မံဖြည့်တင်း၍ တိုက်ခိုက်လာသည့်အတွက် ညနေပိုင်းတွင် မိသားစုဝင်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး သင့်လျော်သည့်နေရာသို့ နည်းဗျူဟာအရ ခေတ္တဆုတ်ခွာခဲ့ရပြီး အဆိုပါမိသားစုများကို လုံခြုံစိတ်ချရသည့်နေရာသို့ လေကြောင်းအကူအညီဖြင့် စနစ်တကျပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ခဲ့ရသည်။
အဆိုပါအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာသို့ တပ်မတော်စစ်ကူစစ်ကြောင်းများဖြည့်တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် စနစ်တကျစုဖွဲ့လျက် ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အကျအဆုံးများစွာဖြင့် မွန်းလွဲပိုင်းတွင် မြို့၏မြောက်ဘက်နှင့်အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများ ခေတ္တဝင်ရောက်နေရာယူထားသည့် နယ်မြေခံတပ်ရင်းအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ အလောင်း၊ လက်နက်အချို့ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ခေတ္တတိမ်းရှောင်စဉ် ထပ်မံထိတွေ့မှုဖြစ်ခဲ့သည့် အရာရှိ/ စစ်သည်အချို့နှင့် မြို့တွင်းနေရဲမေအချို့တို့ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရကာ အချို့အရာရှိ/ စစ်သည်/ ရဲမေများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် အကြမ်းဖက်သမားများသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း အဆိုပါနယ်မြေခံတပ်ရင်းအား တိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းတွင် အခြားနယ်မြေခံတပ်ရင်းအား အဝေးမှနှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သံတံတားလုံခြုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း၊ မြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း စစ်ကူမလာရောက်နိုင်စေရေး ထိန်းချုပ်နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မြို့တွင်းလုံခြုံရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့လျက် အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာရမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ သို့သော် အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများအနေဖြင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် မုန်းမြို့ရှိ တပ်ရင်းများအားလည်းကောင်း၊ မြို့ဝင်သံတံတားနှင့် မုန်းမြို့တို့အား လည်းကောင်း အင်အား ၁၅၀၀ ခန့်ဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းအမှားများ လုပ်ကြံထုတ်လွှင့်၍ ပြည်သူလူထု စိုးရိမ်ကြောက်ရွံ့စေရန်နှင့် ဒေသတည်ငြိမ်မှုပျက်ပြားစေရန် ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်၍ အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများ၏ လုပ်ကြံသတင်းအမှားများအပေါ် တိုင်းရင်းသားပြည်သူများ သတိပြုနိုင်ပါရန်နှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment