Wednesday, December 13, 2023

MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးထားပြီးဖြစ်


ပဲခူး ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ပိုမိုထုတ်လုပ် တင်ပို့ရန်  Action Plan ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စုစုပေါင်း၏ (၉၀)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ သဘာဝမြေဩဇာထုတ်လုပ်ခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ရေးတွက် လူတန်းစားမရွေး သုံးစွဲနိုင်သည့် တန်ဖိုးနည်း လယ်ယာသုံးစက်ကိရိယာများ တီထွင်ကြံဆထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးမြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုမြင့်မားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊ သွင်းကုန်အစားထိုး ပြည်တွင်းဖြစ်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက သွင်းကုန်လျော့နည်းပြီး ကုန်သွယ်မှုဝင်ငွေတိုးတက်ရရှိနိုင်ခြင်း၊ ကုန်ကြမ်းပစ္စည်းတင်ပို့မှုအစား တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများ တင်ပို့နိုင်ပါက နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းရှင် (၁၈၃)ဦးအား (.)ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်သည့်အပြင် လိုအပ်သည့် နည်းပညာနှင့် ထုတ်ပိုးမှုစက်ပစ္စည်းများလည်း ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ကာ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန် အရောင်းစင်တာများလည်း ဖွင့်လှစ်ပေးထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များသည် အစားအသောက်အမယ်စုံထွက်ရှိပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်ခြင်းကိုလည်း တိုးတက်ဆောင်ရွက်နိုင်ခဲ့ပြီး FDA ခွင့်ပြုချက်ရရှိထားသည့် ဒေသထွက်ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်း အကြံပြုပြောကြားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။         

ထို့နောက် တက်ရောက်လာသည့် ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ သာယာဝတီ၊ ပြည်၊ နတ်တလင်းတို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဒေသအလိုက် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုနှင့် ချေးငွေထုတ်ချေးပေးမှု အခြေအနေများအားလည်းကောင်း၊ MSMEs လုပ်ငန်းရှင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှု၊ ဈေးကွက်ပိုမိုတိုးတက်ရရှိမှုနှင့် ထုတ်ပိုးမှုစနစ်များ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။         

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက MSMEs လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်း MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် တောင်ငူခရိုင်မှ ထုတ်လုပ်ထွက်ရှိသည့် Life House Coffee အား ပြည် ဈေးကွက်အဖြစ် ထိုင်းနိုင်ငံသို့ ကော်ဖီတန် (၃၀)နှင့် ဥရောပနိုင်ငံသို့ ကော်ဖီတန် (၅၀) တင်ပို့ခွင့်အော်ဒါ လက်ခံရရှိထားပြီးဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်တွင် မြေနိမ့်ကော်ဖီ ရိုဘက်စတာအား ဧက (၁၀၀၀) တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

သက်ဖြိုးကြိုင်(ပြန်/ဆက်)

No comments:

Post a Comment