Wednesday, December 13, 2023

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီးရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

 


နေပြည်တော် ဒီဇင်ဘာ ၁၃

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သော နိုင်ငံတော်ပိုင်အဆောက်အဦများနှင့် ပြည်သူလူထုပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် အများပြည်သူများ သွားလာအသုံးပြု လျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။




ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် မန္တလေးဘူတာမှ ရန်ကုန်သို့ ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးခင်မောင်သန်း မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF/2083 ၊ လူစီးရထားသည် ကျောက်တံခါးမြို့ အရှေ့တောင်ဘက် မီတာ ၇၅၀၀ ခန့်အကွာ ရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် ၁၀၃ မိုင် ၂၄ ဖာလုံနှင့် ၁၀၄ မိုင် ၁ ဖာလုံသို့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိစဉ် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ရထားလမ်းဘေး ဘယ်/ညာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရထားစက်ခေါင်းတွဲနှင့် ရထားတွဲ ၂ တွဲ လမ်းချော်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရထားပေါ်တွင်  လိုက်ပါလာသော မီးရထားဝန်ထမ်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း သိရှိရပြီး ရထားသံလမ်းများနှင့် ဇလီဖားတုံးများ ပြတ်တောက်ပျက်စီးခဲ့သည်။

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုသွားလာလျက်ရှိသော ရထားလမ်းအား ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဒေသခံပြည်သူလူထု၏ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့ကို အခက်အခဲဖြစ်ပေါ်စေခဲ့သည်။ အဆိုပါမီးရထားလမ်း ပျက်စီးခဲ့သည့်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment