Monday, December 25, 2023

ပုသိမ်ရွှေမုဋ္ဌောဘုရား ရွှေသင်္ကန်းကပ်လှူရန် ကောက်ခံထားသည့် ငွေကျပ်သိန်း ၆ဝဝဝ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ်သိမ်းယူခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရွှေမုဌောဘုရားအတွက် ရွှေသင်္ကန်းကပ်လှူရန် အလှူခံရရှိထားသည့် ငွေကျပ် သိန်း ၆,၀၀၀ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ် သိမ်းယူခဲ့ကြောင်းနှင့် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မော်တင်စွန်းစေတီတော်မြတ် ရင်ပြင်တော်တိုးချဲ့ရန် ကောက်ခံရရှိထားသည့် အမေရိကန် ဒေါ်လာများအား တစ်ဒေါ်လာလျှင် ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့်လဲလှယ်ခဲ့ကြောင်း တရားမဝင်အကြမ်းဖက်အားပေး Ayarwaddy Time မှ လူမှုကွန်ရက်စာမျက်မှာများတွင် ကောလာဟလ သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးတို့၏ ပြောကြားချက်အရ စေတီတော်ကြီးများအတွက် လှူဒါန်းထားသည့် အလှူတော်ငွေများအား မည်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းများမှ သိမ်းဆည်းယူဆောင်ထားခြင်းမရှိဘဲ သက်ဆိုင်ရာဂေါပကအဖွဲ့များထံတွင်သာ စနစ်တကျ ထိန်းသိမ်းထားရှိကြောင်းနှင့် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများသည် ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့်ပတ်သက်၍ မဟုတ်မမှန်ဝါဒ ဖြန့်ချိမှုများကို လုပ်ကြံရေးသားခြင်းသာဖြစ်ပြီး ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ကာ ရေးသားဖြန့် ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment