နေပြည်တော် ဒီဇင်ဘာ ၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဆုပ်ဂျန်ဒါဆိုဖီးအာတို့သည် ယနေ့နံနက် ၉ နာရီတွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင်
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကာလရှည်ကြာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း
ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး ကိစ္စရပ်များအပါအဝင်
နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရေးနှင့်
ဒေသတွင်းနှင့်
နိုင်ငံတကာမျက်နှာစာများတွင်
နှစ်နိုင်ငံအပြန်အလှန်
ထောက်ခံရပ်တည်ရေး
ကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြသည်။
အလားတူ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီ ဘာဟီဒါ နူကာရာတို့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ပေကျင်းမြို့ရှိ China World ဟိုတယ်၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင်
နှစ်ဖက်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာ-ထိုင်း နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးအပေါ်
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့ပြင် နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊
ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာများ၊
မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ် ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များရရှိစေရေးနှင့်
အကာအကွယ်ပေးသွားရေးနှင့် နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင်
ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment