နေပြည်တော် ဒီဇင်ဘာ ၇
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး
တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊
နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်
တက်ရောက်ကြသည်။
ဆန်၊ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်ရေးဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊
ကော်မတီအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဓိကကျသည့်ဝန်ကြီးဌာနများမှ
ပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပပြီး အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေးဆွေးနွေးခဲ့ကြောင်း။
စားအုန်းဆီ ဖြန့်ဝေရန်လျာထားမှု၊ သတ်မှတ်သည့်နေရာသို့ အမှန်တကယ် ရောက်ရှိမှု ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှန်တကယ် ဖြန့်ဖြူးရောင်းချပေးမှု ရှိ/မရှိ ကြပ်မတ်ဆောင်ရွက်ရေး၊
စားအုန်းဆီတင်သွင်းမှုပမာဏ အပြည့်အဝဖြစ်စေရေးနှင့် ပြည်ပသို့ ဆန်တင်ပို့မည့်သူများကို
သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးမှ လိုင်စင်ထုတ်ပေးနိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊
စားသုံးဆီ တင်သွင်းသိုလှောင ဖြန့်ဖြူးခြင်းလုပ်ငန်း
ကြီးကြပ်ရေးကော်မတီက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ
ဒေသအရောက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်ထဲသို့ အမှန်တကယ် ဖြန့်ဖြူးရောင်းချပေးရန် တိုင်းဒေသကြီး/ ပြည်နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့များက စနစ်တကျ
ကြပ်မတ်သွားရန် လိုအပ်ကြောင်း။
ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့်
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များဖြစ်သည့်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်
ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း၊
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များနှင့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဆန်စပါးဥပဒေ ပြဋ္ဌာန်းနိုင်ရေးနှင့် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန် ဆန်စပါးဝယ်ယူရာတွင် သင့်တင့်မျှတသောဈေးနှုန်းများဖြစ်စေရန် ရည်ညွှန်းဈေးများဖြင့် ဝယ်ယူရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း။
လက်ရှိအချိန်တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင်
မှတ်ပုံတင်ခြင်း၊
ဆန်စက်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို Digital နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် Myanmar Rice Online (MyRO) စနစ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်မှုများ စနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀ အထက် ဆန်စပါးသိုလှောင်မှု
အခြေအနေတို့ကို Myanmar Rice Online (MyRO) တွင် မှတ်ပုံတင်ခြင်းဖြင့် ဆန်စပါး ဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်တင့် မျှတတည်ငြိမ်သောဆန်ဈေးကွက်နှင့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့အနေဖြင့်လည်း နိုင်ငံအတွင်း အခြေခံစားသုံးသူပြည်သူများအတွက် ကျန်းမာရေးနှင့်
ပိုမိုညီညွတ်သော စားသုံးဆီများထုတ်လုပ်၊ တင်ပို့၊ ဖြန့်ဖြူး၊ ရောင်းချနိုင်ရေးနှင့်
စပ်လျဉ်းပြီး စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
မိုးသီးနှံများ စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး စိုက်ပျိုးမြေများ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် အထွက်နှုန်းကောင်းစေရေးဆောင်ရွက်ရန် အဓိက အလေးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ဧက၊ အထွက်နှုန်းတို့နှင့်ပတ်သက်သည့် စာရင်းအင်းကိန်းဂဏန်းအချက်အလက်များသည် လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန်
လိုအပ်ကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်း
ဈေးနှုန်းများအခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်ပါက
အကြောင်းရင်းကို သေချာစိစစ်ဖော်ထုတ်၍ ဖြေရှင်းပေးနိုင်ရေး၊ ယင်းအခြေအနေကိုအခွင့်ကောင်းယူပြီး
ဈေးကစားခြင်းမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်နိုင်ရန်လိုအပ်ကြောင်း၊
ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို
အောင်မြင်အောင်ဆောင်ရွက်သွားရန်အတွက် ပြည်ထောင်စုအဆင့်ကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊
ပုဂ္ဂလိကအသင်းအဖွဲ့အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေး
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဒေသ/ဌာန အလိုက်စားသောက်ကုန် ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး
ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍနှင့်
ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်
ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment