နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက် တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဆောင်ရွက်ပေးစေလို
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုမှာနည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမိုများပြားသည်ကို တွေ့ရကြောင်း၊ ပညာတတ်မြောက်မှသာလျှင် ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှု၊ စာတတ်မြောက်မှုကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းစဉ်နှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများက ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ရေပေးဝေရေးလျှိုပိတ်တမံ တည်ဆောက်နေမှုနှင့် မွေးမြူရေးတိုးချဲ့ဇုန်အတွင်း ဥစားဘဲ၊ အသားစားဘဲမွေးမြူရေးခြံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာတွင် ရေစုတွင်းကျယ်မှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေများ စနစ်တကျသုံးစွဲစေရေး၊ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက် စနစ်ဂွေးပင်စံပြကျေးရွာ စနစ်တကျလယ်ယာမြေ ၇၇ ဒသမ ၈၈ ဧက သို့ရောက်ရှိပြီး တောင်သူများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီများကို ဖူလုံအောင်နှင့် တိုးမြှင့်ထုတ်လုပ်နိုင်အောင် ဆီထွက်သီးနှံများနှင့် စပါးများကို အဓိကထားစိုက်ပျိုး နိုင်ရေးမှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment