နေပြည်တော် ဒီဇင်ဘာ ၅
လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးရွာကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပြီး ဒေသနေပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာ၊ မြောက်ကျောင်းစုကျေးရွာနှင့် ညောင်ကုန်းစံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဏ္ခိဏသီရိမြို့နယ် ရွာမကျေးရွာနှင့် မြောက်ကျောင်းစုကျေးရွာတို့မှ သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက မိုးစပါးအထွက်နှုန်းကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေအတွက် သီးနှံပြန်ရောင်း၍ ပေးသွင်းသည့်အခြေအနေ၊ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
ဓာတ်မြေဩဇာနှင့် သွင်းအားစုများထောက်ပံ့ပေးရာတွင် တောင်သူများလက်ဝယ်သို့ သတ်မှတ်ထားသည့်
ဈေးနှုန်းများအတိုင်း ရောက်ရှိရေး၊ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါကသတ်မှတ် ကာလအတွင်း
အပြေအကျေပေးသွင်းစေရေး၊ ထွက်ရှိလာသော စပါးမျိုးများအား စာချုပ်ပါ စည်းကမ်းများနှင့်အညီ
အလေးချိန်၊ စိုထိုင်းဆများအား သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး၊ ဒေသပေါက်ဈေးနှုန်းအတိုင်းရရှိစေရေး
စနစ်တကျဆောင်ရွက်ကြရန်မှာကြားပြီး အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ်
ပေါင်းစပ်ဆောင်ရွက်ပေးကာ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှု၊ စိုက်ပျိုးမြေဧက
၉၀ ကျော် အကျိုးပြုပေးလျက်ရှိသည့် မြောက်ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်
လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းစံပြ ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးကာဒေသခံများ၏ တင်ပြချက်များအား အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာမှ ဟိုတယ်နောက်ကျောပတ်လမ်းအထိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်းစီမံကိန်း(Smart Village) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment