Sunday, December 31, 2023

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဒီဇင်ဘာ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့်အတူ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာ များပေးအပ်ကာ ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် ကျောင်းသား ကျောင်းသူများ ပိုမိုတိုးချဲ့လက်ခံနိုင်ရေးအတွက် တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း သက်မွေး ပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်ကြားပေး သည့် အိမ်တွင်းမှုဘာသာရပ်များ ကျွမ်းကျင်စွာတတ်မြောက်စေရေးနှင့် သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းမှာကြားပြီး သင်တန်းကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထောက်ပံ့လှူဒါန်း

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ ရှိ ဇေယျသိဒ္ဓိပရဟိတကျောင်း တိုက်၊ ဟိုခိုဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေ‌ရေးနှင့် အဆိုပါဘုန်းတော်ကြီးကျောင်း၌ တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအတွက် စားသောက်မှုအဆင်ပြေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥစသည့်စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းသည်။

ယင်းနောက် ကျောင်းဝင်းအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းဆောက်လုပ်ပေးလျက်ရှိသည့် RC တစ်ထပ် ထမင်းစားဆောင်ပေ (၉၀ x ၃၀) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း တွင် ကဆန်ခချောင်းကူး မဂွေဇ တံတားသို့ရောက်ရှိခဲ့ပြီး မဂွေဇ-ခေါင်လန်ဖူးလမ်းစီမံကိန်း မေခမြစ်အနောက်ခြမ်း လမ်းပိုင်းပေါ်၌ တောင်ကျရေတိုက်စားမှုမရှိစေရေးအတွက် ဆောင်ရွက်ထားသည့်ရေကျော်များ၊ ခရီးသွားပြည်သူများ တည်းခိုနေထိုင်ရန် တည်ဆောက်ထားရှိသည့် ယာယီတည်းခိုဆောင်များကို ကြည့်ရှုစစ်ဆေး၍ ပေ ၇၇၀၀ မြင့်မားသော ဆန်းလွတ်ချက်တောင်ကြား၏ ပတ်ဝန်းကျင် ရှုခင်းများအားကြည့်ရှု၍ အနာဂတ်ကာလ ခရီးသွားလုပ်ငန်း များတိုးတက်စေရေးနှင့် အပန်းဖြေလာရောက်သူများအတွက် အဆင်ပြေစိတ်ချမ်းမြေ့မှုရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို တာဝန်ရှိသူများအား မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးရာသီသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သောတံတားများ ပြန်လည်တည်ဆောက်ပြီးစီးမှု၊ ခေါင်လန်ဖူးဒေသ အထိမ်းအမှတ် ရဝမ်၊ လီဆူရုပ်တုများ ဆောင်ရွက်ထားရှိမှုများနှင့် ရီဒမ်းကြိုးတံတား ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့နယ် ဧည့်ရိပ်သာ နှစ်ထပ်ဆောင်တည်ဆောက်နေမှု၊ မြို့တွင်းကွန်ကရစ်လမ်းများ ခင်းထားမှု၊ အထက်တန်းကျောင်း၊ တိုးချဲ့မြို့ကွက်သစ်ဆောင်ရွက်နေရာချထားမှု၊ မြို့ပတ်လမ်းအား ကျောက်ချောလမ်းအဖြစ် ဆက်လက်ဆောင်ရွက်မှု၊ ရဝမ်အမျိုးသားဥယျာဉ်နှင့် မြို့ဘောလုံး ကွင်းဆောင်ရွက်ထားရှိမှု၊ မြို့မ စျေးရှိ စျေးဆိုင်ခန်းများတွင် စျေးရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူးမှ ဆရန်ဖာသို့ဆက်သွယ်သည့် မြေသားလမ်းဖောက်လုပ်နေမှုကို လည်းကောင်း၊ ခေါင်လန်ဖူးနှင့်ရီဒမ်းအကြားလမ်းပိုင်းတွင် ခေါင်လန်ဖူးမြို့ခရီးသည်နှင့် ကုန်တင်ယာဉ်ရပ်နားကွင်းများ လျာထားသည့် မြေနေရာ၊ ရှုခင်း သာ ကြည့်ရှုဆောင်ဆောင်ရွက်မည့်နေရာ၊ လမ်းတာချဲ့ရန် ကျောက်တောင်မိုင်းခွဲဆောင်ရွက် နေမှု၊ မြေပြိုမှုများကို ရှင်းလင်းခြင်းဆောင်ရွက်နေမှု၊ ထလားထော်ကျေးရွာအဝင် ကျောက်ချောလမ်းခင်းနေမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေခမြစ်ကူး ရီဒမ်းတံတားပေ ၆၀၀ တည် ဆောက်မှုလုပ်ငန်းခွင်သို့ ရောက်ရှိ ခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီဝဒမ်ရှိ မဂွေဇ-ခေါင်လန်ဖူးလမ်း စီမံကိန်း ရုံးသို့ ရောက်ရှိစစ်ဆေးပြီး လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် အင်ဂျင်နီယာများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ လမ်း လုပ်သားများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment