Sunday, December 31, 2023

ကျန်းမာရေးအလေးထား ကိုယ်လက်လှုပ်ရှား

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးရက်သတ္တပတ် ပဉ္စမအကြိမ်မြောက် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပပြုလုပ်ကြပါသည်။ ပြည်သူများ ကျန်းမာစွာနေနိုင်ရေးအတွက် ကျန်းမာရေးကို အထောက်အကူပြုသည့် အားကစားတစ်မျိုးဖြစ်သော လမ်းလျှောက်ခြင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို ဒီဇင်ဘာလ၏ အပတ်စဉ်ရုံးပိတ်ရက်တိုင်းပြုလုပ်ခဲ့ရာ ယခုအပတ်တွင် ပဉ္စမအကြိမ်မြောက်ပြီးဆုံး ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာသီဥတုသုံးမျိုးရှိသည့်အနက် အေးချမ်းသည့် ဆောင်းရာသီ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအများစုသည် နံနက်စောစော စုပေါင်းလမ်းလျှောက်ကြသည့် အလေ့အထရှိခဲ့ကြပါသည်။ နိုင်ငံတစ်ဝန်းမြို့နယ်အလိုက်တွင် နံနက်မိုးမလင်းခင်၌ “စောစောအိပ်လို့၊ စောစောထလို့စောစောလမ်းလျှောက်ကြပါစို့” ဟူသော တေးသံကို ကြားလိုက်ရသည်နှင့် ပြည်သူလူထုအများစု လူထုလှုပ်ရှားမှုအသွင်ဖြင့် လမ်းမများပေါ်သို့ထွက်ကာ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ကြပါသည်။ အပတ်စဉ်ရုံးပိတ်ရက်တိုင်း မြို့ရွာရပ်ကွက်များ၌ နံနက်စောစော နိုးကြားတက်ကြွ ပျော်ရွှင်စွာလှုပ်ရှားခဲ့ကြပါသည်။

မျက်မှောက်ကာလတွင် ဥတုရာသီပြောင်းလဲမှုကြောင့် ဒီဇင်ဘာလ၌ အအေးဓာတ် လျော့နည်းလာခြင်းကြောင့်လည်းကောင်း၊ အများပြည်သူတို့အနေဖြင့် ရှေးခေတ်ကာလများနှင့်မတူတော့ဘဲ လူတိုင်းနီးပါး နိစ္စဓူဝပရိယေသနဝမ်းစာရှာမှီး နေရသောကြောင့်လည်းကောင်း ဆောင်းရာသီကာလဒီဇင်ဘာလ၌ ကျန်းမာရေးကို အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားအားကစားတစ်မျိုးဖြစ်သော လမ်းလျှောက်ခြင်းအမှုကို ပြုလုပ်နိုင်ဖို့ပင်ခဲယဉ်းလာသည်။ လူတို့အနေဖြင့် အကြောင်းကိစ္စများကြသော်လည်း မိမိကျန်းမာရေးအတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုတော့ ပြုလုပ်သင့်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အလေးထားပြုလုပ်ပေးနေသည်။ ပြည်သူများအနေဖြင့် အသက်ရှည်ကျန်းမာလန်းဖြာမှသာ မိမိတို့၏နိစ္စဓူဝအမှုကိစ္စများကို တက်ကြွရွှင်လန်း အားစိုက်ခွန်စိုက် အလုပ်လုပ်နိုင်ပေမည်။ ထို့ကြောင့် မအားလပ်သည့်ကြားမှ အပတ်စဉ်အပတ်တိုင်း ကိုယ်လက်လှုပ်ရှားအားကစားတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ် ပေးသင့်သည်။ အားကစားနည်းအမျိုးမျိုးတွင် ငွေမကုန်လူမပန်း စိတ်ရွှင်လန်းစေသည့် အားကစားနည်းတစ်မျိုးမှာ မနှေးမမြန်လမ်းလျှောက်ပေးခြင်းဖြစ်သည်။

လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှားမှုကို ဒီဇင်ဘာလတွင်သာမက ၁၂ လရာသီ သင့်လျော်သလို ပုံမှန်ပြုလုပ်ပေးသင့်သည်။ နေ့စဉ်အချိန်မှန် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးဆုလာဘ်ကို ရရှိပိုင်ဆိုင်နိုင်ပေသည်။ ကျန်းမာသောသူများ အနေဖြင့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသက်ရှည်ကျန်းမာမှုကို ထာဝရပိုင်ဆိုင်နိုင် သည်။ ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ဘေးထွက် ဆိုးကျိုးမရှိသည့် လမ်းလျှောက်ခြင်းအလုပ်ကို ပုံမှန်ပြုလုပ်ပေးသင့်သည်။ မအားလပ်သူများအနေဖြင့်လည်း အချိန်အနည်းငယ်ပေးပြီး ပြုလုပ်သင့်ပါသည်။

ကိုယ်လက်လှုပ်ရှားအားကစားတစ်မျိုးမျိုးကို ဆောင်ရွက်ရာတွင် လေ့ကျင့် ခန်းအမျိုးအစား၊ ပြင်းထန်မှု၊ အချိန်ကြာမြင့်မှုနှင့် အကြိမ်အရေအတွက်ပေါ်မူတည်ပြီး အကျိုးကျေးဇူးကွာခြားပေသည်။ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုးကို ပြုလုပ်သောကြောင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေပြီး သက်လုံကောင်းစေသည့်အပြင် နာတာရှည်ရောဂါများကိုလည်း လျော့နည်းပပျောက်အောင် ကာကွယ်ပေးနိုင်သည်။ ကြွက်သားများ သန်မာခြင်းနှင့်ဆိုင်သော လေ့ကျင့်ခန်းများသည် ကြွက်သားများ သန်မာအားကောင်းစေသည့်အပြင် အဝလွန်ရောဂါ၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ သွေးအတွင်းအဆီများမှုစသည့်ရောဂါများဖြစ်ပွားမှုမှ လျော့ပါးသက်သာစေပြီး ကြိုတင်ကာကွယ် တားဆီးပေးထားနိုင်သည်။

မျက်မှောက်ကာလတွင် လူတို့အနေဖြင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသောကြောင့် မကူးစက်တတ်သောရောဂါအမျိုးမျိုး ဖြစ်ပွားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ရောဂါများကို ကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ခြင်း စသည့်လုပ်ငန်းများတွင် ဆေးဝါးမပါ၊ ကုန်ကျစရိတ်သက်သာပြီး အသက်အရွယ်မရွေး ဆောင်ရွက်နိုင်သော အားကစားနည်းတစ်မျိုးဖြစ်သည့် လမ်းလျှောက်ခြင်းကို ပုံမှန်မပျက်မကွက်ပြုလုပ် ပေးရန် အသိပေးနှိုးဆော်အပ်ပါသည်။ ဒီဇင်ဘာလအားကစားလ နောက်ဆုံး ရက်သတ္တပတ်ပြီးဆုံးသော်လည်း မိမိကျန်းမာရေးအတွက် နေ့စဉ်ပုံမှန်ပြုလုပ်သွား ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်၍ ကျန်းမာသောဘဝကို ထာဝစဉ်ပိုင်ဆိုင်နိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားနည်းတစ်မျိုးမျိုးကို လူတိုင်းလူတိုင်း မပျက်မကွက်ပြုလုပ်ပေးကြရန် လိုအပ်ပါသည်။ ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်ခွန်အားဆိုသကဲ့သို့ နိုင်ငံအတွက် စွမ်းအားအမျိုးမျိုးကိုဖြစ်စေသဖြင့် မိမိတို့အကျိုး၊ တိုင်းပြည်အကျိုးကို အင်ပြည့်အားပြည့်ထမ်းရွက်နိုင်သည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ကိုယ်လက်လှုပ်ရှားအားကစားတစ်မျိုးမျိုး ပြုလုပ်ပေးကြရန် တိုက်တွန်းအပ်ပါသည်။     


No comments:

Post a Comment