Monday, December 11, 2023

ကျောက်တန်းမြို့မှ ကဏန်းပျော့ မွေးမြူရေးထုတ်ကုန်လုပ်ငန်း

 


သန့်ဇင်ထွန်း(ကျောက်တန်း)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ကုန်ထုတ်လုပ်မှုစနစ်များကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် အောင်မြင်မှုရရှိနေသည့် နေကြာပန်း ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါ နေကြာပန်းကဏန်းပျော့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးဝင်းမျိုးလင်းအား တွေ့ဆုံ၍ လုပ်ငန်းအောင်မြင်မှုအခြေအနေများကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ကဏန်းပျော့လုပ်ငန်းကို ဘယ်အချိန်က စတင် ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ ။ ။ နိုင်ငံ့အကျိုးစီးပွားတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ၂၀၀၀ ပြည့်နှစ်ကတည်းက ကျောက်တန်း ပုစွန်မွေးမြူရေးဇုန်ကို အကောင်အထည်ဖောဆောင်ရွက်ခဲ့ပြီးတော့ ကုမ္ပဏီ ၁၀ ခုက ပုစွန်မွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၀၇ခုနှစ်မှာ မွေးမြူရေးကုမ္ပဏီများက ဈေးကွက်စီးပွားရေးအရ ကဏန်းပျော့လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ ငါးလုပ်ငန်းဦးစီး ဌာနက ကဏန်းပျော့မွေးမြူရေးဇုန်အဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကဏန်းပျော့ လုပ်ငန်းကို ၂၀၀၉ ခုနှစ်က စတင်ပြီးလုပ်ကိုင်ခဲ့ပါတယ်။

မေး ။ ။ ကဏန်းပျော့လုပ်ငန်းအတွက် အသုံးပြုခဲ့တဲ့ မြေဧရိယာ အကျယ်အဝန်းနဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြောပြပေးပါဦးခင်ဗျာ။

ဖြေ ။ ။ ကဏန်းပျော့မွေးမြူရေးစခန်းရဲ့ အကျယ်အဝန်းကတော့ ၉၉ ဒသမ ၀၆ ဧက ကျယ်ဝန်းပြီး စတင်လုပ်ငန်းလုပ်စဉ်က မွေးမြူရေးကန်လေးကန်နဲ့ စတင်ခဲ့ပြီး ယခုအချိန်မှာတော့ မွေးမြူရေးကန်၂၅ ကန်နဲ့ လုပ်ကိုင်နေပါတယ်။ မွေးမြူရေးတစ်ကန်ကို နှစ်ဧက ကျယ်ဝန်းပါတယ်။ သုံးဧကအကျယ် ရေလှောင်ကန်လေးကန်လည်း ရှိပါတယ်။

မေး ။ ။ ကဏန်းကန်တစ်ကန်မှာ ကောင်ရေဘယ်လောက်မွေးမြူနိုင်ပြီး ကုန်ချောကဏန်း ပျော့ကောင်ရေ ဘယ်နှတန်လောက် ထုတ်လုပ်နိုင်ပါသလဲ။

ဖြေ ။ ။  ကန်အပြည့်မွေးမြူမယ်ဆိုရင် ကဏန်းကောင်ရေ ၁၅ သိန်းလောက် မွေးမြူနိုင်ပြီး တစ်လကို ကဏန်းပျော့ကုန်ချောတန်ချိန် ၂၀ လောက် ထုတ်လုပ်နိုင်ပါတယ်။

မေး ။ ။ ကဏန်းပျော့ထုတ်ကုန်အတွက် မွေးမြူရေးကဏန်း ပေါက်တွေကို ဘယ်လိုရရှိပါသလဲ။

ဖြေ ။ ။ မွေးမြူရေးအများစုဟာ ပင်လယ်ဝ၊ မြစ်ချောင်းများ၊ ဒီရေတောများမှာ ရှင်သန်ကျက်စား ကြတဲ့ ရွှံ့ကဏန်း၊ ဒီရေတောကဏန်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သဘာဝကဏန်းတွေကို ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာဒေသတွေကနေ ၈၀ ဂရမ်နဲ့အထက် အရွယ်တွေကို ဝယ်ယူမွေးမြူပါတယ်။ အဲဒီလိုလုပ်တဲ့အတွက်ကြောင့် မြစ်ဝကျွန်းပေါ်ရေလုပ်သားတွေအတွက်လည်း အထောက်အကူပြု ပါတယ်။

မေး။ ။ ကဏန်းပျော့များရရှိအောင် ထုတ်လုပ်တဲ့ လုပ်ငန်း အဆင့်ဆင့်ကိုလည်း သိပါရစေ။

ဖြေ ။ ။ သဘာဝကဏန်းများကို ကဏန်းမွေးမြူရေးကန်များတွင် စနစ်တကျ မွေးမြူရပါတယ်။ ကန်အတွင်းမှာ သုံးနာရီ တစ်ခါ စောင့်ဆိုင်းကြည့်ရှုဖို့ ဝန်ထမ်းတွေကို နေ့ဆိုင်း၊ ညဆိုင်းထားရှိ ဆောင်ရွက်ပါတယ်။ အစာကို FDA က သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ခွင့်ပြုထားတဲ့အစာများကို ကျွေးရပါတယ်။ ဒါကြောင့် ကဏန်းများဟာ အရေခွံလဲဖို့ လုံလောက်တဲ့ ပမာဏအခြေအနေရလာပြီး မူရင်းထက် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကြီးထွား လာကြပါတယ်။ အဲဒီလိုအခြေအနေမှာ ကဏန်းပျော့တွေကိုဆယ်ယူပြီးအောက်ဆီဂျင်ခန်းကို ပို့ဆောင်ရပါတယ်။ အောက်ဆီဂျင်ခန်းသို့ ရောက်ရှိလာသော ကဏန်းပျော့များကို ယာယီသိုလှောင် ကန်တွင် အောက်ဆီဂျင်ပေးပြီးအညစ်အကြေးတွေကို ဖယ်ထုတ်ပြီး အအေးခန်းစက်ရုံမှာ ပါကင် ထုပ်ပိုးပြီးတော့ ဈေးကွက်ဖြန့်ချိပါတယ်။

မေး ။ ။ ဈေးကွက်မှာ ဘယ်လိုတံဆိပ်နဲ့ ဘယ်နိုင်ငံများကို တင်ပို့ဖြန့်ချိပါသလဲ။

ဖြေ ။ ။  ကဏန်းပျော့များကို Frozen Myanmar Soft Shell Crab တံဆိပ်နဲ့ ပြည်တွင်းဈေးကွက် အတွင်း ဟိုတယ်၊စားသောက်ဆိုင်များ ဖြန့်ဖြူးပြီး ပြည်ပပို့ကုန်အနေဖြင့် ကဏန်းပျော့များကို တရုတ်၊ ဩစတြေးလျ၊ အမေရိကန်၊ ယူအေအီး၊ ဥရောပနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးပါတယ်။

မေး ။ ။ ကဏန်းပျော့မွေးမြူခြင်းရဲ့ အားသာချက်များရှိရင် ပြောပြပေးပါ။

ဖြေ ။ ။  ကဏန်းပျော့မွေးမြူခြင်းရဲ့ အားသာချက်ကတော့ ကဏန်ပျော့တွေအရေခွံလဲပြီး ကြွင်းကျန်တဲ့ အခွံ၊ အသေများကို ကျွမ်းကျင်သူများရဲ့အကူအညီနဲ့ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်နိုင်တဲ့အတွက် စွန့်ပစ်စရာမလိုသော ရေထွက်ကုန်ပစ္စည်း (Zero Waste) ဖြစ်ပါတယ်။

မေး ။ ။ ကဏန်းပျော့စွန့်ပစ်ပစ္စည်းကနေ သဘာဝမြေဩဇာ ထုတ်လုပ်ပုံကို သိပါရစေ။

ဖြေ။ ။   ကဏန်းပျော့စွန့်ပစ်ပစ္စည်းကနေ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်ပုံကတော့ ကဏန်းအသေတွေနဲ့ အရေခွံလဲ၍ထွက်ရှိလာသော ကဏန်းအခွံများကို နေလှန်းကြိတ်ချေပြီး အရိုးမှုန့်ဓာတ်မြေဩဇာနဲ့ အပင်များအတွက်လိုအပ်တဲ့ ကဏန်းအမိုင်နိုအော်ဂဲနစ်ဆေးရည်အဖြစ် ထုတ်လုပ်ပါတယ်။ ရရှိလာတဲ့ သဘာဝမြေဩဇာကိုတော့ ဈေးကွက်အတွင်း ဝသုန္ဒြေအမည်ဖြင့် ကဏန်းအမိုင်နို အော်ဂဲနစ်ရွက်ဖျန်းဆေးရည်နှင့် သဘာဝမြေဆီလွှာပြုပြင်ဆေးများအား ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချပါတယ်။

မေး ။ ။ ကဏန်းပျော့လုပ်ငန်းမှာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုအခြေအနေကိုလည်း သိပါရစေ။

ဖြေ ။ ။  ဝန်ထမ်းအရေအတွက်ကတော့ ၂၀၀ လောက်ရှိပါတယ်။ ဝန်ထမ်းများနေထိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိပေးပါတယ်။ အိမ်ထောင်သည်အတွက် အိမ်ထောင်သည်လိုင်းခန်း၊အပျို၊ လူပျိုများအတွက် အဆောင်များကိုလည်း စီမံဆောင်ရွက်ထားရှိပေးပါတယ်။ ဝန်ထမ်းသားသမီးများ ရဲ့ ကျောင်းနေအရွယ်သားသမီးများကိုလည်း ကျောင်းထားပေးပါတယ်။ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စီမံဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းဟာ အလုပ်အကိုင်အခွင့်အလမ်းအတွက်ရရှိစေသလို နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်းဆောင်ရွက်ပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ ။

No comments:

Post a Comment