Monday, December 11, 2023

လိုနေသူကို မျှဝေပေးပါ

 ကိုရင်မောင်

ယခုတစ်လော လမ်းမတွေပေါ်မှာ လှုပ်လှုပ်ရှားရှားတစ်မျိုး၊ တိုးတိုးကျယ်ကျယ်တစ်ဖုံ ဖြစ်နေကြတာတွေကို တွေ့နေရပါတယ်။ “ကုန်ပြီ၊ ရသေးတယ်၊ မရှိတော့ဘူး၊ ရတော့ရတယ် လိုသလောက်မရဘူး” စတဲ့၊ စက်သုံးဆီနဲ့ပတ်သက်တဲ့ အခက်အခဲဖြစ်နေတဲ့ သတင်းစကားတွေကို ဟိုနေရာ၊ ဒီနေရာ စုံနေအောင် ပြောဆိုနေကြတာကို ကြားနေရပါတယ်။ ရန်ကုန်မြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တွေရှိတဲ့ ပတ်ဝန်းကျင်တွေကို ကြည့်လိုက်တဲ့အခါ ပြောနေ၊ ဆိုနေကြသလို လမ်းတစ်လျှောက်လုံးမှာ ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေ ဆီဆိုင်မှာ ဆီထည့်ဖို့ တသီတတန်းကြီး စီတန်းစောင့်ဆိုင်းနေကြတာတွေကို တွေ့ရပါတယ်။

ဒီလိုအချိန်မှာပဲ ပြည်ပသတင်းဌာနတွေကလည်း မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်နေပြီ၊ ပြည်သူတွေ အခက်အခဲဖြစ်နေပြီ၊ အစိုးရရဲ့မူဝါဒကြောင့်စတဲ့ မီးလောင်ရာလေပင့်ပေးတဲ့ ကောလာဟလသတင်းတွေ ပြည်သူတွေကြားမှာ အဆက်မပြတ်ထုတ်လွှင့်နေတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ကြမှာ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ စက်သုံးဆီပြဿနာဟာ တကယ် တမ်း စက်သုံးဆီအဝင်မရှိတော့လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာလား၊ အခိုက်အတန့်အားဖြင့် ဆီဆိုင် တွေမှာ ဆီပြတ်လပ်သွားတာလား၊ လိုသလောက် ဝယ်လို့မရတော့ဘူးလား၊ ငွေကြေးကိစ္စကြောင့်လားစတဲ့ မေးခွန်းတွေရဲ့ အဖြစ်မှန်ကို လက်တွေ့လေ့လာကြည့်တဲ့အခါ အခိုက်အတန့် ဖြစ်ပေါ်လာတဲ့ အကြောင်းတချို့ကြောင့် ဖြစ်ရတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

ရင်ဖွင့်သံများ

ရန်ကုန်မြို့တွင်းက ဆီဆိုင်တစ်ဆိုင်မှာ တန်းစီနေတဲ့ ယာဉ်ပိုင်ရှင်တွေကို မေးမြန်းကြည့်တဲ့အခါမှာ တစ်ယောက်တစ်မျိုး ထွက်ပေါ်လာတဲ့ အဖြေတွေကို တွေ့ရပါတယ်။ တစ်ဦးက “အိမ်က မနက် ၅ နာရီ လောက်က ထွက်လာပြီး ဆီတန်းစီတယ်၊ မနက် ၁၁ နာရီမှာ ဆီရခဲ့ပါတယ်”၊ နောက်တစ်ဦးက “ကျွန်တော်က အထွက်နောက်ကျပြီး နေ့လယ် ၁၂ နာရီမှာ ဆီပြတ်သွားလို့ လှည့်ပြန်ခဲ့ရတယ်”၊ နောက်တစ်ဦးက “ကျွန်တော့်ကားကို ဆီဂိတ်ပြည့်နေမှကြိုက်တာ၊ ဒါကြောင့် အပင်ပန်းခံပြီး နေ့တိုင်း ဆီဖြည့်ပါတယ်”၊ နောက်တစ်ဦးက “ကျွန်တော့်ကားက နေ့စဉ်အသုံးများလို့ တစ်ယောက်က ကားတစ်စီးနဲ့ နေ့တိုင်း ဆီဖြည့်ဖို့လုပ်ပြီး တစ်ယောက်က နောက်တစ်စီးနဲ့ အလုပ်လုပ်ပါတယ်”၊ တစ်ယောက်ကတော့ “ဒီပြဿနာက ဖြစ်နေဦးမှာဆိုတော့ နေ့တိုင်း ဆီတန်းစီပြီး ဆီကိုလှောင်ပြီး သုံးပါတယ်”၊ နောက်တစ်ယောက်ကတော့ “ရန်ကုန်မြို့တစ်ခွင် ဆီဆိုင်တွေမှာလှည့်ပြီး ဆီတန်းစီရတာ ပျော်ပါတယ်” လို့ မော်တော်ယာဉ်အသုံးပြုသူတွေရဲ့ စိတ်ကူးကိုယ်စီနဲ့ ဆီတန်းစီတဲ့အလုပ်ကို မညည်းမညူလုပ်နေကြတဲ့ လက်ရှိအခြေအနေတွေကို ကြားသိခဲ့ရပါတယ်။

သတင်းကောင်းပါး

စက်သုံးဆီ လက်ခွဲရောင်းချသူတချို့က “အရင်က ဆီဆိုင်တစ်ဆိုင်ကိုတစ်ပတ်စာ ဆီခွဲတမ်း အတွက် နှစ်ပတ်အတွင်း သုံးရက်/ လေးရက်ပေါင်းထုတ်လို့ရတယ်။ အခုစနစ်သစ်အရ တစ်ရက်ချင်းစီ ခွဲထုတ်နေရတဲ့အတွက် ဆီပမာဏ နည်းနည်းပဲရပြီး ကုန်ကျစရိတ်တက်လာသလို ဆီအလျင် မမီဘဲ ပြတ်လပ်မှုတွေဖြစ်တယ်” လို့ ပြောပါတယ်။ နောက်တစ်ခုကတော့ “မကြာသေးမီက ပို့ကုန် ဝင်ငွေ အများစုရရှိတဲ့ နိုင်ငံခြားငွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးလိုက်တာဟာ ဈေးကွက်ထဲမှာ နိုင်ငံခြားငွေစီးဆင်းမှုအားကောင်းလာပြီး သွင်းကုန်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ လွယ်လွယ်ကူကူရရှိနိုင်တယ်။ ဒီစနစ်ဟာ ဆီသမား တွေရော၊ ပို့ကုန်သွင်းကုန်သမားတွေရော လိုအပ် ချက်ဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့စနစ်ကြောင့် ဒေါ်လာရဖို့ ခဏပဲကြန့်ကြာနေတာပါ၊ နောက်ပိုင်း ပြေလည်သွားမှာပါ။ အပြင်ပေါက်ဈေးနဲ့ တွက်ရောင်းမှာဖြစ်လို့ တစ်လီတာဈေးနှုန်း တက်သွားမှာဖြစ်ပါတယ်။ နောက်ဆိုရင်တော့ ပြည်တွင်းမှာ ဆီတွေ ပေါသွားမှာပါ” လို့ ပို့ကုန်သွင်းကုန်လောကမှ သုံးသပ်ချက်အချို့ကိုလည်း ကြားသိခဲ့ရပါတယ်။

နိုင်ငံတော်အစိုးရက ပို့ကုန်၊ သွင်းကုန် နိုင်ငံခြား ငွေကြေးနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ပြုလုပ် ပေးခဲ့ပါတယ်။ ဖြေလျှော့မှုတွေ ပြုလုပ်လိုက်တဲ့ အတွက်ကြောင့် သွင်းကုန်ကိစ္စတွေ အထူးသဖြင့် စက်သုံးဆီကိစ္စမှာ လောလောဆယ် အကျိုးသက်ရောက်မှု အနည်းငယ်ရှိပါတယ်။ ဒါဟာ ခဏတာဖြစ်ပါတယ်။ မူဝါဒအပြောင်းအလဲကို ဆောင်ရွက်တဲ့အချိန်မှာ ပို့ကုန်က ပြန်ဝင်လာမယ့် ငွေတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပက ပြန်ဝင်လာမယ့်ငွေတွေ ပိုမိုဝင်လာတာနဲ့အမျှ ဈေးကွက်မှာ လည်း သူ့အလိုလို ထိန်းညှိပြီးသားဖြစ်လာမယ်လို့ နိုင်ငံတော်က သတင်းကောင်းပါးထားပါတယ်။

ခေတ္တပြတ်တောက်

လောလောဆယ်မှာတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီအဝင်မရှိလို့ ဆီမရောင်းနိုင်သေးကြောင်း ဆိုင်းဘုတ်တွေ ထောင်ထားတဲ့ အွန်လိုင်းသတင်းတွေကို တွေ့ခဲ့ရမှာဖြစ်သလို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေရဲ့ ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့ မော်တော်ယာဉ်တန်းတွေကို တွေ့နေရဆဲဖြစ်ပါတယ်။ အဓိကကတော့ မော်တော်ယာဉ်တွေ ထူထပ်များပြားတဲ့ မြို့ကြီးတွေမှာ စက်သုံးဆီဝယ်လိုအားများနေတာ ဖြစ်ပါတယ်။ နယ်မြို့ငယ်တွေမှာတော့ ဒီပြဿနာတွေ ကြီးကြီးမားမား မရှိလောက်ပါဘူး။ မြို့ကြီးတွေက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီကို လုံးလုံးမရကြတော့တာမဟုတ်ဘဲ သုံးစွဲမှုလိုအပ်ချက်နဲ့ ရောင်းချနိုင်မှု မမျှတလို့ ခေတ္တပြတ်တောက်သွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသုံးပြုကြတဲ့ မော်တော်ယာဉ်အများစုဟာ အောက်တိန်း (ဓာတ်ဆီ) သုံးယာဉ်တွေ ဖြစ်ပါတယ်။ အနည်းစုဟာ ဒီဇယ်ယာဉ်တွေဖြစ်လို့ ဆီအတွက် အခက်အခဲကြီးကြီးမားမားမရှိဘဲ ဝယ်ယူလို့ရပါတယ်။ နိုင်ငံအတွင်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုမှန်ကန် မြန်ဆန်စေဖို့နဲ့ ကုန်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်မှုလက်မှုလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေ၊ တွင်းထွက်တူးဖော် ရေးလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ အဓိကသုံးစွဲရတဲ့ ဒီဇယ်ဆီကို လုံလုံလောက်လောက်၊ ဈေးနှုန်းသက်သက် သာသာနဲ့ သုံးစွဲနိုင်ဖို့ နိုင်ငံတော် အစိုးရအနေနဲ့ ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။

အတက်အကျဖြစ်

ပြည်တွင်းသုံးစွဲဖို့အတွက် စက်သုံးဆီလိုအပ်ချက်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရာမှာ နိုင်ငံတော်အနေနဲ့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးတာကြောင့် လက်ရှိစက်သုံးဆီဈေးနှုန်း ဟာ ပြည်တွင်းမှာ ဈေးနှုန်းမြင့်မားနေတယ်လို့ ပြောဆိုနေကြပေမယ့် အာဆီယံဒေသတွင်း နိုင်ငံ တွေထက် များစွာလျော့နည်းနေတာကို လေ့လာကြည့်ရင် သိရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီ လက်ရှိပေါက်ဈေးနှုန်းဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကွာခြားနေတာကို တွေ့နိုင်ပါ တယ်။ စက်သုံးဆီဈေးနှုန်းဟာ အဓိကအားဖြင့် ကမ္ဘာ့ရေနံဈေးနှုန်း၊ နိုင်ငံခြားငွေကြေး၊ အဓိက ဝယ်ယူတင်သွင်းတဲ့ စင်ကာပူနိုင်ငံမှ ထုတ်ပြန်တဲ့ MOPS ဈေးနှုန်းနဲ့ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ် နှုန်းတို့အပေါ်မှာ မူတည်ပြီး အတက်/အကျ ဖြစ်ပေါ်လေ့ရှိတာကို သဘောပေါက်ကြပါတယ်။

လတ်တလော မြို့ကြီးတွေမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ ဆီထည့် ဖို့ တန်းစီစောင့်ဆိုင်းနေရတာဟာ စက်သုံးဆီအဝင်မရှိဘဲ ပြတ်လပ်သွားတာကြောင့် မဟုတ်ပါဘူး။ ရန်ကုန်မြစ်ဝနဲ့ ပင်လယ်ဝမှာ စက်သုံးဆီတင်ဆောင်လာတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ အဆက်မပြတ် ဝင်ရောက်လျက်ရှိပါတယ်။ အဓိကကျတဲ့ သီလဝါဆိပ်ကမ်းဒေသကြီးရှိ ကုမ္ပဏီကြီးတွေရဲ့ စက်သုံးဆီဆိုက်ရောက်နေရာ Terminal တွေအပြင် သာကေတမြို့နယ်ရှိ ကုမ္ပဏီပိုင် Terminal နဲ့ လှိုင်သာယာမြို့နယ်ရှိ ကုမ္ပဏီပိုင် Terminal တွေမှ စက်သုံးဆီတွေကို ဆီသယ်ယာဉ်(ဘောက်ဆာ)တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးရှိ စက်သုံးဆီ အရောင်းဆိုင်တွေဆီကို နေ့ / ည မရွေး အဆက်အပြတ် သယ်ယူပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိနေတာကို တွေ့ရပါတယ်။ တစ်လောက ပင်လယ်ဝမှာ ပြည်ပမှ ဆီတင်သင်္ဘော ၁၀ စင်း၊ သီလဝါဆိပ်ကမ်း ဒေသရှိ ​ဂျက်တီတွေမှာ ဆီတင်သင်္ဘော သုံးစင်းဟာ အသင့်စောင့်ဆိုင်းပြီး သက်ဆိုင်ရာ ဆိုက်ရောက်နေရာတွေမှာ အချိန်နဲ့တစ်ပြေးညီ ဆီချနိုင်ဖို့ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

ပို့ဆောင်ဖြန့်ဖြူးပေး

ဒီဇင်ဘာ ၅ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင် ၃၃၉၁ ဆိုင်ကို ဆီသယ်ယာဉ် (ဘောက်ဆာ) ၁၇၂၉ စီးနဲ့ 92 Ron ဂါလန် ၉ သိန်း ၇ သောင်းကျော်၊ 95 Ron ဂါလန် ၂ သိန်း ၅ သောင်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီဂါလန် ၈ သိန်း ၃ သောင်းကျော်နဲ့ ရိုးရိုးဒီဇယ်ဂါလန် ၆ သိန်း ၅ သောင်းကျော်တို့ကို ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေဆီကို ဆီသယ်ယာဉ် (ဘောက်ဆာ)စီးရေ ၁၈၀၀ နဲ့ 92 Ron ဂါလန် ၉ သိန်း ၈ သောင်းကျော်၊ 95 Ron ဂါလန် ၂ သိန်း ၄ သောင်းကျော်၊ ရိုးရိုးဒီဇယ်ဆီဂါလန် ၆ သိန်း ၇ သောင်းနဲ့ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၈ သိန်း ၁ သောင်းကျော်ကို ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆက်လက်လို့လည်း Terminal အသီးသီးမှ စက်သုံးဆီတွေကို ဆီသယ်ယာဉ် (ဘောက်ဆာ)တွေနဲ့ အဆက်မပြတ် ပို့ဆောင် ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

ယခုအခါမှာ ယခင်က ဖြန့်ဖြူးပေးခဲ့တာထက် 92 Ron ဂါလန် ၂ သိန်း ၂ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် ၂ သိန်း ၃ သောင်းကျော် ပိုမိုဖြန့်ဖြူး ပေးနိုင်ခဲ့ပေမယ့်လည်း ပြည်သူတို့အနေနဲ့ ကောလာဟလသတင်းတွေကြောင့် စိုးရိမ်ပူပန်မှု တွေဖြစ်ပေါ်ပြီး လိုသည်ထက် ပိုမိုဝယ်ယူနေကြတဲ့အတွက် အဝင်အထွက် မမျှမတဖြစ်ပေါ်ပြီး အခက်အခဲတွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။ မော်တော်ယာဉ်တွေ များပြားလာသလို စက်သုံးဆီ ကို ယခင်ကထက် ပိုမိုများပြားစွာဝယ်ယူကြလို့ ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက် ကျော်လွန်တဲ့ စက်သုံးဆီအရောင်းဆိုင်အချို့ရှိ စက်သုံးဆီအမျိုးအစားအချို့ဟာ ဆီသယ်ယာဉ် (ဘောက်ဆာ) တွေ မရောက်မီ ဆီအရောင်းခေတ္တရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ယာဉ်စီးရေတိုးလာ

ကမ္ဘာတစ်ခွင်နဲ့ မြန်မာနိုင်ငံမှာ လူဦးရေထူထပ် များပြားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ မော်တော်ယာဉ်အသုံးပြုမှုတွေ တိုးတက် များပြားလာပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလ ရန်ကုန်မြို့မှာ ခရီးသည်တင် မော်တော်ယာဉ် ၁၅၀၀ ကျော်နဲ့ အများဆုံးရှိခဲ့ပါ တယ်။ ၁၉၆၂ ခုနှစ် ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စီးရေ ၄ သောင်းကျော်ရှိလာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစတင်လို့ မော်တော်ယာဉ် တင်သွင်းခွင့်တွေကို ခွင့်ပြုပေးခဲ့ရာ မော်တော်ယာဉ်တွေ တစ်နှစ်ထက်တစ်နှစ်တိုးလာပြီး သိန်းဂဏန်း ရှိလာပါတယ်။ ၂၀၁၁ ခုနှစ်ကစတင်လို့ အစိုးရက မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒတွေကို ဖြေလျှော့ပေးလိုက်တဲ့အတွက် ထိုနှစ်မှာ ယာဉ်စီးရေ ၂ ဒသမ ၃ သန်းကျော် ရှိလာခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခု ကြာတဲ့ ၂၀၂၂ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ မော်တော် ယာဉ်စီးရေ ခုနစ်သန်းကျော် ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ရန်ကုန် မြို့လို မြို့ကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှု၊ စက်သုံးဆီလိုအပ်မှု တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါတယ်။ စိန်ခေါ်မှု ကြီးမားလာပါတယ်။ ဒီစိန်ခေါ်မှုကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနေ ပါတယ်။ ပြည်သူတွေကလည်း အသိတရားနဲ့ ပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာတဲ့ မော်တော်ယာဉ်တွေကြောင့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

လိုနေသူကိုမျှဝေ

လက်ရှိအခြေအနေမှာ နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားတိုးတက်စေရေး၊ ပြည်သူတွေ လူမှုစီးပွား ဘဝ အဆင်ပြေပြီး လမ်းပန်းဆက်သွယ်သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် အရေး ပါတဲ့ ပို့ကုန်/သွင်းကုန်မူဝါဒတွေကို ဖြေလျှော့ပေးလိုက်တဲ့အခါမှာ နှစ်သက်သူ၊ မနှစ်သက်သူ ရှိမှာဖြစ်ပေမယ့်လည်း အများပြည်သူအကျိုးစီးပွား ရှေးရှုကာ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူများ အဆင်မပြေဖြစ်အောင် ဆောင်ရွက်မယ်ဆိုရင် ဥပဒေအရ အရေးယူခြင်းခံရမှာ ဖြစ်ပါ တယ်။ အများပြည်သူတွေအနေနဲ့ ကောလာဟလသတင်းတွေကြောင့် စက်သုံးဆီပြတ်လပ်မှုနဲ့ ဈေးနှုန်း ကြီးမြင့်လာမှာကို စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုများပြားစွာ ဝယ်ယူ နေတာကြောင့် လတ်တလောအခက်အခဲဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ မဖြစ်မနေလိုအပ်ရင် ဝယ်ကြရမှာဖြစ်ပေမယ့် မလိုအပ်ဘဲ လိုတာထက် ပိုမိုဝယ်ယူနေကြတာကို ရပ်တန့်ကြပြီး လိုနေသူတွေကို မျှဝေပေးလိုက်တာဟာ စိတ်ချမ်းသာစရာအခြေအနေတွေ ဖြစ်လာမှာ သေချာပါတယ်။ ။

No comments:

Post a Comment