၂၀၂၃-၂၀၂၄ နှစ်ဦးကာလနှင့်အတူ (၇၆) နှစ်ထဲ စွန်းခဲ့ပြီဖြစ်တဲ့ လွတ်လပ်ရေး အခါသမယမှာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းအနေနဲ့ရော၊ အဖွဲ့ အစည်းအလိုက် နိုင်ငံတစ်နိုင်ငံအနေနဲ့ ရောစိတ်ရောကိုယ်ပါ လွတ်လပ်ကြပါရဲ့လား။ နှစ်ဟောင်းနဲ့ နှစ်ဦးအကူးအပြောင်းမှာ အလှုပ်အယမ်းက အရမ်းကြမ်းလွန်း နေဆဲ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်စုံမှာ အထွေထွေအားနည်းဆဲ အခြေအနေအရပ်ရပ်ကို မှန်အောင် ကြည့်တတ်ရပါမယ်။
အထူးသဖြင့်
ငြိမ်းချမ်းရေးကဏ္ဍ။ အေးချမ်းသာယာမှုမှမရှိရင် ဘယ်လိုလုပ်ပြီး လုပ်ကိုင်စားသောက်ရတာ
အဆင်ပြေပါ့မလဲ၊ ငြိမ်းချမ်းမှုမှမရှိရင် လွတ်လပ်ခြင်းအရသာရော ပြည့်ပြည့်ဝဝ ရနိုင်ပါ့မလား၊
၂၀၂၄ မှာ ကျွန်တော်တို့ ဘာကို မျှော်လင့်ကြမလဲ၊ မျှော်လင့်ချက် ပြည့်ဖို့အတွက် ရည်မှန်းချက်ရှိရမှာပေါ့။
vision ဆိုတဲ့ မျှော်မှန်းချက်ကောင်း မှ mission ဆိုတဲ့ ရည်မှန်းချက်က ကောင်းကောင်းလိုက်မှာဆိုတော့
ကျွန်တော်တို့ရဲ့ အနာဂတ်အမြင်တွေ ရှင်းလင်းကြည်လင်နေဖို့ လိုပါမယ်။ ကျွန်တော်တို့ဘာဖြစ်ချင်တာလဲ၊
ဘာလုပ်ချင်တာလဲ ပြတ်သားနေမှသာ ရည်မှန်းချက်ကို ကောင်းကောင်းချမှတ် နိုင်မှာဖြစ်ပါတယ်။
အတွေ့အကြုံမှာ
သင်ခန်းစာယူကာ
မိမိချမှတ်မယ့်
ရည်မှန်းချက် ဘာကို၊ ဘယ်အချိန်မှာ၊ ဘယ်လိုပြီးမလဲ တိကျ ပြတ်သားပါမှလည်း ကိုယ့်မှာရှိတဲ့
အရင်းအမြစ်တွေဟာ အကောင်းဆုံးနဲ့ အသုံးတည့်နေမှာဖြစ်ပါတယ်။ လူသား၊ ငွေကြေး၊ ပညာ၊ နည်းပညာ၊
အချိန်၊ စွမ်းရည်ပိုင်းတွေမှာ ရှိနေတဲ့အားသာချက်၊ အားနည်းချက်မှန်သမျှကို မှန်မှန်ကန်ကန်
အသုံးချနိုင်မှသာ ရည်မှန်းချက်က ပြီးမြောက်မှာဖြစ်ပါတယ်... ။
ကျွန်တော်တို့
တစ်ဦးချင်းအနေနဲ့တော့ လက်ရှိအနေအထားများအရ အနာဂတ်အလားအလာနဲ့ ဖြစ်နိုင်ဖွယ်ရာ တွေအပေါ်မှာ
စိန်ခေါ်မှုတွေအများကြီးကို တွေ့နေရဦးမှာပါပဲ။ လက်ရှိမှာတော့ တစ်နှစ်တာလုံး မငြိမ်းချမ်းခဲ့ပါဘူး။
ရလဒ်က အကောင်းကြီးမဟုတ်ခဲ့ပါဘူး။ ဘယ်လောက်ပြုပြင်ပြုပြင်၊ ဘယ်လောက်တည်ဆောက်တည်ဆောက်
ကြီးမားတဲ့ အဖျက်စွမ်းအားတွေကြားမှာ ထင်သလောက်ခရီးမပေါက်ခဲ့ဘူးဆိုရင် ဘယ်သူမှငြင်းမယ်မထင်ပါဘူး။
မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်သလောက် အရာမထင်ခဲ့ပါဘူး။ တက်ကြွမှုဟာ
အတွင်းအပြင်အမှောင့် ပယောဂမျိုးစုံအောက်မှာ ဘယ်လိုမှ မလန်းဆန်းနိုင်ခဲ့တဲ့အခါ ကိုယ်ကိုယ်တိုင်လည်း
လုပ်ငန်းခွင်မှာ performance ကောင်းကို မပြနိုင်ခဲ့ဘဲ ရခဲ့တဲ့အတွေ့အကြုံနဲ့ ရနေတဲ့သင်ခန်းစာများကို
သာ နောင်နှစ်အတွက် ဆက်လက် သယ်ဆောင်သွားရမဲ့ အနေအထားမှာ ရောက်ရှိနေပါတယ်။
အနာဂတ်အတွက်
အပူအပင်တွေအောက်မှာ စိတ်တွေမငြိမ်းချမ်းနေပါဘူး၊၊ စိတ်မငြိမ်းချမ်းဘူးဆိုရာမှာ မိမိရဲ့အတွင်း
အဇ္ဈတ္တငြိမ်းချမ်းဖို့က အဓိကလို့ဆိုတဲ့အတွက် အတွင်းရန်၊ အပြင်ရန်ကိလေသာပေါင်းစုံရဲ့
ဖိစီးနှိပ်စက်မှုကို ဓမ္မတရားအကူအညီနဲ့သာ မိမိကိုယ်မိမိငြိမ်းချမ်းအောင် လုပ်ယူရမှာဖြစ်သလို
လက်တွေ့ နယ်ပယ်မှာလည်း ပြတ်သားရမယ့် ကိစ္စဆို ကိုယ်တိုင်ပြတ်ပြတ်သားသား ဆောင်ရွက်သွားရမှာပဲ
ဖြစ်ပါတယ်။ စိတ်ငြိမ်းချမ်းရင် တက်ကြွပါဝင်မှုက အလိုလိုလိုက်ပါလာမှာပါ။ ကျွန်တော်တို့ဘဝတွေ
ပြန်လည်တည်ငြိမ်အေးချမ်းဖို့အာမခံချက်နဲ့ ပုံမှန်ပြန်ဖြစ်ဖို့လိုအပ်နေတဲ့ အချက်တွေအပေါ်မူတည်ပြီး
အနာဂတ်နှစ်သစ်မှာ လူတွေရဲ့စိတ်အား ထက်သန်မှုကို စောင့်ကြည့်လေ့လာ အသုံးချနိုင်မယ့်ပေတံများအသုံးပြုပြီး
ပြုပြင်နိုင်မယ့် အခွင့်အရေးကောင်းများစွာ ပေါ်ထွန်းလာချေရဲ့ဟု မျှော်လင့်နေမိပါတယ်။
လက်ငင်းနဲ့
ရေရှည်အကျိုးစီးပွားအတွက် အမြင်
ငြိမ်းချမ်းရေးနဲ့အတူ
နောက်ထပ် အရေးကြီးချက်တစ်ခုက စီးပွားရေးပါ။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်နေပါတယ်။
မငြိမ်းချမ်းတဲ့ကြားထဲက ငြိမ်းချမ်းတဲ့နေရာတွေမှာ အဆင်ပြေအောင်လုပ်ကြည့်မယ်လို့ စိတ်ကူးမိတယ်။
ပြောင်းသင့်တာတွေ ပြောင်းရမယ်၊ ပြင်သင့်တာတွေ ပြင်သင့်တယ်၊ ဒါပေမဲ့စိတ်ရှည် အချိန်ပေးသင့်တယ်လို့တော့
ယူဆတယ်၊ အနာဂတ်ရှိနေရင် သူ့အလိုလို တက်ကြွလာပါလိမ့်မယ်။ မျှော်လင့်ချက်ပေးနိုင်ရင်
ဦးဆောင်တဲ့နောက် အလိုလိုလိုက်ပါလာကြပါလိမ့်မယ်။ အနာဂတ်စီးပွားရေးမှာ စိုက်ပျိုး ရေး၊
မွေးမြူရေးအခြေခံတဲ့ တန်ဖိုးမြင့်ထုတ်ကုန် value added များဖြစ်အောင် ဆန်းသစ်တီထွင်ထုတ်လုပ်ရမယ့်အလုပ်
တွေ ရှိပါတယ်။ သယ်ယူပို့ဆောင်ရေး၊ ထုပ်ပိုးမှု၊ ဈေးကွက်ဖြန့်ချိမှု စသည်ဖြင့် လိုအပ်ချက်က
များနေသေးတော့ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်ပေါင်းစုံနဲ့ တိုင်ပင်ဆွေးနွေးခြင်းဟာ
စဉ်ဆက်မပြတ် လုပ်ကိုလုပ်ရမယ့်အရာပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့
IT ကဏ္ဍ နည်းပညာနဲ့ အဓိကကျောရိုးဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အားလုံးပါပဲ။ ဈေးကွက်ရှာဖွေမှုနဲ့
ယှဉ်ပြိုင်နိုင်စွမ်းကို အရှိန်မြှင့်ရပါမယ်။ စီးပွားရေးမှာလည်း ပြည်တွင်း၊ ပြည်ပအားကိုးရမယ့်
မိတ်ဆွေ တွေကိုရှာဖွေရပါမယ်၊ နိုင်ငံရေးမှာလိုပဲ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူ ဟူ၍မရှိပါခံယူပြီး
ရသမျှအချိန်မှာရှိသမျှ အရင်းအမြစ်ကို ပုံအောရပါမယ်။ နိုင်ငံအတွက်သစ္စာရှိပြီး အမျိုးသားအကျိုးစီးပွား
ကာကွယ်စောင့်ရှောက်ပေးနိုင်စွမ်းရှိမယ့် စီးပွားရေးမှာ စွန့်စားမယ့်လုပ်ငန်း ရှင်တွေ၊
စွမ်းဆောင်ရှင်တွေကို နေရာပေးပြီး ရင်းနှီးမြှုပ်နှံစေသင့်ပါတယ်။
သူတို့ဟာ
အကျပ်အတည်းကြားမှာ အကောင်းဆုံးလုပ်ဆောင်နိုင်သူတွေ ဖြစ်သင့်ပါတယ်။ လိုအပ်ချက်အရ လက်ငင်း
အကျိုးစီးပွားကြည့်ပြီး ဦးစားပေးရမယ့် အခြေအနေတွေကြောင့်လည်း ဖြစ်ပါတယ်။ စာရေးသူစိတ်ထဲမှာ
နိုင်ငံရဲ့အချို့သယံဇာတတွေမှာ ထုတ်သင့်တဲ့အရာ ထုတ်ယူသုံးစွဲသင့်တယ်။ လက်ရှိမိမိတို့
ပိုင်ဆိုင်ထားတဲ့ သယံဇာတကုန်ကြမ်း (hard resources) ကို အနာဂတ်မျိုးဆက်တွေအတွက် အလွန်အရေးကြီးတဲ့
ပညာအမွေ soft resources အဖြစ် ပြောင်းလဲနိုင်ရင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု
(sustain-able development) က ပိုအဓိပ္ပာယ် ရှိမလား စဉ်းစားမိပါတယ်။
ဒီအတွက်
စနစ်တကျစီမံခန့်ခွဲမှုပိုင်း ကတော့ ဘယ်အရာမှာမဆို အမြဲလိုအပ် တဲ့ အရာပဲဖြစ်မှာပါ။ ဒါကြောင့်
အသိရော၊ ပညာပါဖွံ့ဖြိုးတဲ့ အနာဂတ်လူ့စွမ်းအားများ ပေါ်ထွက်လာဖို့အတွက် လက်ရှိ သင့်တော်တဲ့
သယံဇာတအရင်းအမြစ်ကို effectiveness and efficiency အကျိုးရှိ ထိရောက်အောင်ထုတ်ယူသုံးစွဲပြီး
လက်ရှိစီးပွားရေးဖွံ့ဖြိုးဖို့အတွက် အားနည်းနေတဲ့ အခြေခံအဆောက်အဦ ပိုင်းတွေကို အမြန်ဖြည့်ဆည်းနိုင်ခြင်းက
သင့်တော်တဲ့အရာတစ်ခုလို့ မြင်မိပါတယ်။ အကျိုးရှိထိရောက်မှုဆိုတဲ့ ရလဒ် ထွက်ဖို့အတွက်လည်း
ပကတိအခြေ အနေမှန်ကို သိရှိထားမှဖြစ်ပါမယ်။ ဒီအတွက်တော့ နိုင်ငံမှာ Research and
Development R&D လုပ်ငန်းတွေ အဆက်မပြတ်လုပ်သွားပြီး သာမန်စာတမ်းတွေတင်မက ပါရဂူအဆင့်ကျမ်းကြီးတွေပါ
များပြားတိုးတက်လာအောင် promote ဆက်လုပ်ရမယ်လို့ ယူဆမိပါတယ်။
အကာထက်အနှစ်
အလုပ်နှင့်အတူရလဒ်ကောင်းထွက်ဖို့က
အားလုံးသည်
အလုပ်ကိုအလုပ်နှင့်တူအောင် ကြိုးစားအလုပ်လုပ်သင့်ပါတယ်။ ပြည်တွင်းပဲနေနေ၊ ပြည်ပပဲထွက်ထွက်ပေါ့၊
အထူးသဖြင့်လူငယ်တွေအတွက်ပါ။ မိသားစုတစ်စုမှာ လုပ်တဲ့ သူနည်းပြီး ထိုင်စားများနေရင်
အဆင်မပြေသလို အပြောကြီးပြီးဘေးထိုင်နေတဲ့ လူတွေနဲ့လည်း ခရီးမရောက် outcome မထွက်နိုင်ပါဘူး။
အနာဂတ်အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး လုပ်ရမယ့်အလုပ်တွေက များစွာရှိနေပါတယ်။ လုပ်တဲ့နေရာမှာ
ကျွန်တော်တို့ကိုယ်တိုင်ပြုပြင် သင့်တာတွေ၊ ဆင်ခြင်ရမယ့် အရာတွေလည်း များစွာရှိနေပါတယ်။
ဥပမာ- ရှားပါးတဲ့ခေတ်ကြီးမှာ မလိုအပ်ဘဲ အပိုတွေမသုံးမိအောင် ဆင်ခြင်ကြည့်ဖို့ပါ။ အသုံးနဲ့အဖြုန်းကို
ခွဲခြားသိပြီး အကာထက် အနှစ်ကို ပိုပြီးအလေးထား ကြည့်ရအောင်လား၊ တစ်ခါတစ်ရံအပေါ်ယံ သာဘဝထင်
အိတ်ပေါက်နဲ့ဖားကောက်သလို မလိုအပ်တဲ့နေရာမှာ ငွေကြေးအမြောက်အမြား သုံးစွဲမိတာမျိုးရှောင်သင့်တယ်လို့မြင်ပါတယ်။
ချမ်းသာနေတဲ့အချိန်၊
တည်ငြိမ်နေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့။ အရေးကြီးဆုံးကဘာလဲ။ အရေးကြီးတာ ကို အာရုံစိုက်
focus ထား မဖြစ်မနေ သုံးစွဲရမှာဖြစ်ပြီး ယခုလိုအကျပ်အတည်း မှာ မိသားစုဝင်အားလုံးအနေနဲ့လည်း
မဖြစ်မနေကြုံနေရတဲ့ ဒုက္ခတွေကို အတူမျှဝေခံစားပြီး အေးအတူပူအမျှဖြစ်ကြရပါမယ်။
capacity လည်းမတူ၊ ပိုင်ဆိုင်တဲ့ ဓနအင်အားလည်း မတူကြတဲ့အတွက် ကြပ်ကြပ်မတ်မတ်နဲ့ ကြိုးစားသလောက်
သက်ရောက်မှုအနည်းဆုံးနဲ့ ထိုက်သင့်တဲ့ ရလဒ်မျိုးတွေ ထွက်လာစေချင်ပါတယ်၊၊
ပညာသိဆိုတဲ့အရာကသာ
ဆုတ်ယုတ်မှုနဲ့
တိုးတက်မှုအကြား ကွာဟသွားတာက ပညာအရာပါ။ ထိုနှစ်ခုကြားက အမှားအမှန်ဆင်ခြင်အားက ခပ်ပါးပါးလေးပဲရှိနေရင်
တိုးတက်မှုထက် ဆုတ်ယုတ်မှုက ပိုအားကောင်းသွား တတ်ပြီးထိုသို့ မဖြစ်ရလေအောင် စာသင်ခန်းကရတဲ့
အတတ်ပညာအပြင် အမှားအမှန်၊ အကြောင်းအကျိုး ဆင်ခြင်သိတဲ့ပညာအသိမျိုးကိုပါ အလေးအနက်ထား
လက်ဆင့်ကမ်းသင့်တယ်လို့ ယူဆမိပါတယ်။ ဘာသာတရားအဆုံးအမနဲ့အတူ ဘဝနေနည်းနဲ့ပေါင်းသင်းဆက်ဆံရေး၊
ကျန်းမာရေးအသိပါ တိုးတဲ့ပညာများကို အစဉ်မျှဝေနေခြင်းဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်လည်းဖြစ်ပြီး
ကုသိုလ်လည်းရပါတယ်။
သို့ပေမဲ့
ဒီဘက်ခေတ်မှာ ပညာလက်ဆင့်ကမ်းခြင်းမျိုး အားနည်းလာ တဲ့အခါ နိုင်ငံချစ်စိတ်၊ ဘာသာချစ်စိတ်က
နည်းသည်ထက်နည်းလာပြီး အများ အတွက်ထက် ကိုယ်ကျိုးအလေးထားတဲ့ အတ္တဗဟိုပြုတွေ များလာတယ်လို့
ခံစားမိပါတယ်။ ကိုယ်ကျိုးစီးပွား အလေးထားရမည် မှန်ပေမဲ့ ဆန္ဒ၊ လောဘ၊ ဒေါသနဲ့အကြောက်တရား
အစွန်းတရားများသွားတဲ့အခါ အဂတိတရားဘက် အားသန်လာခြင်းဟာ အကြောင်းအကျိုး သဘာဝပါပဲ။ အလိုမပြည့်မှုနဲ့မကျေနပ်မှုကို
ရှေးရှုတဲ့ မောဟများသွားပြန်တော့ လူကြီးလူငယ်မရွေး ဆေးစွဲသူဦးရေ ထူပြောရပြန်တယ်။
ယနေ့ခေတ်
ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ မငြိမ်းချမ်းခြင်းနဲ့ လူ့အဖွဲ့အစည်းကို ဆိုးဆိုးရွားရွား
ပျက်စီးစေခြင်းများစွာမှာ မူးယစ်ဆေးဝါးနဲ့ အဂတိတရားများကို အဓိကလွှမ်းမိုးနေတဲ့ တရားခံများအဖြစ်
မြင်နိုင်ရပါမယ်။ ရေရှည်မှာ ဒီဝဲဩဃထဲကနေ လူငယ်တွေကို ဆွဲထုတ်နိုင်မယ့် အရာက ပညာသာလျှင်
ဖြစ်ပါတယ်။ ရေရှည်မှာ နိုင်ငံတည်ငြိမ်အေးချမ်းအောင် အမြစ်ဖြတ်ရမယ့် အဖျက်တွေထဲမှာ အဂတိနဲ့မူးယစ်ဆေးဝါးလည်း
ပါတယ်ဆိုတာ သတိပြုရန်ဖြစ်ပြီး မိမိတို့ လက်ထက်မှာ အဂတိမျိုးဆက်၊ မူးယစ်မျိုးဆက်၊ အာဃာတမျိုးဆက်တွေ
မချန်ရစ်မိလေရအောင် ပညာအရာကို အပြင်းအထန် မြှင့်တင်နိုင်ဖို့ ကြိုးစားကြ ရမှာဖြစ်ပါတယ်။
အလုပ်တိုင်းမှာ
စွန့်စားရမှုအန္တရာယ် ဆိုတာရှိမြဲ
သို့ဆိုပေမဲ့
ကိုယ့်မှာလုပ်ပိုင်ခွင့်ရှိတုန်းလေး၊ အသက်ရှင်နေတုန်းလေးမှာ အများအတွက်ဆိုတဲ့စိတ်၊
အနာဂတ်မျိုးဆက်အတွက်ဆိုတဲ့စိတ်ထားနဲ့တော့ လုပ်သွားကြပါ။ ယနေ့မှ စလုပ်သည် ဆိုသော်လည်း
နောက်မကျပါဘူး။ ဘာပဲဖြစ်ဖြစ် အန္တရာယ်နဲ့ စွန့်စားရမှု risk ကတော့နေရာတိုင်းမှာ ရှိနေမှာပါပဲ။
စီးပွားရေးကို အာရုံစိုက်ရင်းနဲ့ political risk ကိုပါ ထည့်စဉ်းစားရတာမျိုးရှိတတ် ပါတယ်။
လူ့အခွင့်အရေးကို ဦးစားပေးရင်းနဲ့ အမျိုးဘာသာသာသနာ ပျောက်ကွယ် သွားနိုင်ခြင်းလည်း ရှိတတ်ပါတယ်။
တစ်ခုလိုချင်ရင်
တစ်ခုစွန့်ရတဲ့သဘောတရား trade off နဲ့ ရယူချင်တဲ့ အခွင့်အလမ်းအတွက် ပေးဆပ်ရမယ့် တန်ဖိုး
opportunity cost ဆိုတဲ့ စီးပွားရေး သဘောတရားတွေလည်း ကြားဖူး သိဖူးပြီးဖြစ်မှာပါ။ လူ့အသက်အရင်းအမြစ်ကို
တန်ဖိုးထားတဲ့အခါသက်မဲ့မြေကို စွန့်လိုက်ရတာလည်း ရှိတတ်ပါတယ်၊ ခဏတာစွန့်ထားရတဲ့မြေကို
အချိန်မရွေး ပြန်ယူလို့ရသလိုပေါ့။ အမြန်လိုချင်တဲ့အခါ တချို့သောအရေးအရာတွေရဲ့ စီမံခန့်ခွဲမှုမှာ
အားနည်းချက် ရှိနိုင်တာလည်း ထည့်တွက်ရပါမယ်။ တစ်ဦးနဲ့တစ်ဦး လက်ညှိုးထိုးအပြစ်တင် နေရုံနဲ့မပြီး၊
ဘာမှမမြဲတတ်တဲ့ အခြေအနေမှာ ဘာကိုမှတရားသေဆုပ်ကိုင် မထားတာအကောင်းဆုံးပါ။ အရေးကြီးဆုံးကို
ဦးစားပေးဖြည့်ဆည်းရင်းနဲ့ ကျန်တာတွေလည်း အချိန်ကိုက်ဖြည့်ဆည်းသွားလို့ ရပါတယ်။
ယနေ့အခြေအနေအရ
ထားရှိရမယ့် အရေးကြီးဆုံး ခံယူချက်တစ်ခုကို ပြောပါ ဆိုလျှင်တော့ ပယောဂများစွာကြားမှာ
အမှားနဲ့အမှန်အတုနဲ့အစစ်ကို ခွဲခြားသိမြင်ဖို့ပါပဲ။ ပညာအသိနဲ့အကဲဖြတ်နိုင် ရန်ဖြစ်ပါတယ်။
ပညာအသိက zero ရောက်နေရင်တောင် တစ်ကပြန်စနိုင်တဲ့ ဦးဆောင်မှုနဲ့ စွမ်းအားကိုပေးပါတယ်။
အားလုံးသာ တက်ညီလက်ညီဖြစ်မယ် ဆိုလျှင် ယခုကြုံတွေ့နေရတဲ့ခါးသီးတဲ့ အဖြစ်အပျက်တွေသည်
တစ်ခဏတာပဲ ဖြစ်တဲ့အတွက် မိမိကိုယ်မိမိအတွေ့အကြုံ အခြေခံတဲ့ပညာကို သင်ခန်းစာအဖြစ်ပြောင်းနိုင်တဲ့
စိတ်ဓာတ်ခွန်အားကို အားပေးမြှင့်တင်ကြရင်း လဲသွားလည်း ခဏ၊ ပြန်ထူပြန်ထပြီး ရပ်တည်နိုင်
အောင် ဆက်လက်ကြိုးစားကြပါစို့ဟုသာ ဆိုလိုက်ပါရစေ။ ။
မိုးကေနိုင်
No comments:
Post a Comment