Sunday, December 31, 2023

တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးပျက်ပြားအောင် သတင်းမီဒီယာများမှ လုပ်ဆောင်နေမှုများ၊ မြန်မာနိုင်ငံ လောက်ကိုင်မှာရောက်ရှိနေတဲ့ တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်


 မနေ့ကတုန်းက ကျွန်တော်တို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မစ္စမော်နင်း ကနေပြီးတော့ သတင်းစာရှင်းလင်းပွဲမှာတော့ လောက်ကိုင်၊ တုံချိန်နေရာပေါ့။ Crown ဟိုတယ်ရှေ့မှာ ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတွေ သေကျေ ဒဏ်ရာရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကလည်း အမျိုးမျိုး တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် ဦးတည်ပြီးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်နိုင်ငံအစိုးရဟာ နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမြေကို မြန်မာနိုင်ငံ နိုင်ငံပိုင်နက်ကိုအသုံးပြုပြီး မိမိရဲ့အိမ်နီးနားချင်းနိုင်ငံတွေ အပေါ်မှာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား၊ အိမ်နီးနားချင်း နိုင်ငံတွေရဲ့တည်ငြိမ်မှုကို၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လူမူစီးပွားဘဝကို ထိခိုက်နှောင့်ယှက်စေမယ့် မည်သည့်လုပ်ငန်းမျိုးကိုမှ လက်ခံမှာမဟုတ်ပါဘူး။ လောက်ကိုင်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံမှာရောက်နေတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့ ထိ တရုတ်လူမျိုး အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသမီး ၁၄၀၂ ဦး စုစုပေါင်း ၁၂၃၁၆ ဦး တရုတ်နိုင်ငံကို အပ်နှံပြီးဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီမှာ တရားမဝင်ရောက်ရှိနေတဲ့ ဗီယက်နမ်လူမျိုး ၁၀၅၄ ဦး၊ ထိုင်းလူမျိုး ၅၃၄ ဦး၊ မလေးရှားလူမျိုး ၁၃၂ ဦး၊ စင်ကာပူ ၂ ဦး၊ တောင်ကိုရီးယား ၂၀ ဦး၊ ယူဂန္ဓာ ၁ ဦး၊ တရုတ်(တိုင်ပေ) ၄ ဦး၊ အိန္ဒိယ ၄ ဦးစတဲ့ ကျန်တဲ့ နိုင်ငံတွေလည်း ပါပါတယ်။ ကျန်တဲ့နိုင်ငံတွေ ကတော့ လူဦးရေနည်းပါတယ်။ စတဲ့သူတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ လောက်ကိုင်နယ်မြေနဲ့ ပတ်သက်လာရင် တိုက်ပွဲများဖြစ်ပွားလျက်ရှိတဲ့အတွက်ကြောင့် တရုတ်လူမျိုးများနဲ့ပတ်သက်ပြီး ဘေးကင်းရာကို အမြန်ဆုံး ထွက်ခွာ ကြဖို့၊ သက်ဆိုင်ရာတွေကို သတင်းပို့ဖို့ကြော်ငြာစာတွေ၊ လက်ကမ်း စာတွေ၊ ထို့ပြင် အသံချဲ့စက်နဲ့ လိုက်လံအသိပေးနှိုးဆော်တာတွေကို နေ့စဉ်ရက်ဆက်မပြတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အားလုံးလည်း သိမြင်တဲ့အတိုင်း လောက်ကိုင်မြို့ မြို့တွင်းမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူတာတွေ၊ လူနေအဆောက်အဦးတွေကို စစ်ရေးအရအသုံးပြုပြီး လူနေအဆောက်အဦးတွေကနေပြီး တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခတ်တာတွေ နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ မိမိရဲ့တပ်တွေဟာ တပ်စခန်းတွေမှာပဲ ရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီဖောင်းနဲ့ဖြစ်တယ်။ တချို့အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့နှစ်နိုင်ငံလုံးက ဂရုတစိုက်စောင့်ကြည့် တန်ပြန်ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် TNLA နဲ့ MNDAA အနေနဲ့ သူတို့လွှမ်းမိုးထားတဲ့ နယ်မြေတွေထဲမှာ အသက် ၁၅ နှစ်ထက်ကျော်ရင် အမျိုးသား၊ အမျိုးသမီး မကျန်၊ ယောကျ်ား၊ မိန်းမမကျန် လူသစ်စုဆောင်းနေတဲ့ သတင်းတွေလည်း ရရှိပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုမှာ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတချို့ကို သူတို့ရဲ့ Eao နယ်မြေထဲကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင် ဖုံးကွယ်ထားတဲ့သတင်းတွေကို ရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သတင်း ပေးပို့ပြီး ဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှုကိစ္စဟာ ကျွန်တော်တို့ သိမြင်တာတွေထက်၊ ထင်ထားတာထက်အများကြီး ရှုပ်ထွေးတဲ့ နက်နဲတဲ့ကိစ္စဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ထိုင်းဘုရင့် တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen နဲ့တွေ့တဲ့အချိန်မှာလည်း နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးမှာရှိတဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိတယ်ဆိုတဲ့ သတင်းစုံစမ်းရရှိတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမှာဖြစ် တယ်ဆိုတာပြောခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အွန်လိုင်းလိမ်လည်မှုကို ဆက်လက်ဆောင်ရွက်နေတဲ့ နေရာတွေ၊ လုပ်ဆောင်နိုင်တဲ့ နေရာတွေကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။ အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ကတော့ တရားမဝင်ငွေကြေးလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေကို အမည်ခံတိုက်ဖျက်လုပ်ငန်း သာလုပ်နေပြီး သူတို့ကိုယ်တိုင် ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့လည်း ပတ်သက်နေတာကို တွေ့ရပါလိမ့်မယ်။

မကြာသေးမီလပိုင်းအတွင်းမှာလည်း ရှမ်းပြည်နယ်နဲ့ရန်ကုန်တိုင်း ဒေသကြီးတွေမှာ အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့က ဦးစီးပြီး ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးအိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုး ပြီးရင် ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ စတင်ပြီးဖမ်းဆီးရမိပါတယ်။ အဲဒီကနေ လိုက်လံစစ်ဆေးတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ပုလဲလမ်းမှာ ဒီအိုက်စ်တွေကိုသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်နေတဲ့ AA အဖွဲ့က ဒုတိယဗိုလ်အဆင့်ရှိ နေလင်းထွန်း (ခေါ်) နောနော် (ခေါ်)ကျော်စိုး၊ ဒုတိယဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲ့နေ့မှာပဲ ရွှေပြည်သာမြို့နယ်(၁) ရပ်ကွက် ကနောင်မင်းသားကြီးလမ်း ဂိုဒေါင်မှာ AA အဖွဲ့က ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခေါ်) ပြုံးချိုကို အိုက်စ် ၈၆၅ ကီလိုနဲ့အတူ ဖမ်းဆီးရမိပြီး တော့ ညဘက်မှာလည်း ကျွန်တော်တို့ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီမှာ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက် မေတ္တာလမ်းမှာ CANTER BOX မော်တော်ယာဉ်ပေါ်မှာ အိုက်စ် ၁၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုကို ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။ ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာလည်း ဆက်လက်ဖမ်းဆီးရာမှာ ဆင်မလိုက်သင်္ဘောကျင်းမှာ စိုးပိုင် (ခေါ်) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိ ကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်း နဲ့ တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ၆ ဦးကိုပြည်ပသို့ ပင်လယ်ရေကြောင်း မှတစ်ဆင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင်သင်္ဘော တစ်စင်းနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်း ဆီးရမိခဲ့ ပါတယ်။

သိမ်းဆည်းရမိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်ကို မူးယစ်မှောင်ခိုအဖွဲ့ဖွဲ့ပြီး ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်နေခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေ၊ ထိန်းချုပ်ဓာတုပစ္စည်းတွေကို AA အဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ကျော်မြတ်ဦး(ခေါ်)သားသား(ခေါ်)ဝေသာ ထွန်းရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သတင်းဆက်များ ထပ်မံလိုက်လံကာ စုံစမ်းလျက်ရှိပါတယ်။ ဒီအကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ဦးစီးဦးဆောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ပြောခဲ့သလို တရားမဝင်ငွေကြေးရတဲ့ လုပ်ငန်းတွေ၊ တရားမဝင်မှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးလုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းတွေ ဆောင်ရွက်ပြီး ငွေကြေးတွေရလာတယ်။ အဲဒီငွေကြေးတွေနဲ့အတူ လက်နက်ခဲယမ်းတွေဝယ်တယ်။ ကာကွယ်ပေးမည့် လက်နက်ကိုင်အဖွဲ့အစည်းတွေလုပ်တယ်။ ဒီတရား မဝင်လုပ်ငန်းတွေကို ကာကွယ်ပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက သိရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာညောင်ပင်သစ်ရွာအနီးမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ လက်နက်ခဲယမ်းတွေနဲ့အတူ ခိုအောင်းနေတယ်ဆိုလို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဒီနေရာကို တပ်မတော်အနေနဲ့ ဝင်ရောက်ချေမှုန်းခဲ့ပါတယ်။ အဲဒီမှာ လက်နက်ခဲယမ်းမျိုးစုံဖမ်းမိတဲ့အပြင် မော်တော်ယာဉ် ၇ စီး၊ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိခဲ့ပါတယ်။ WY အမျိုးအစား ဆေးပြား ၁၀၀၀၊ ဘိန်းဖြူ ပင်နီစလင် ပုလင်း ၁၀ လုံးခန့် ကျွန်တော်တို့ ဖမ်းဆီး ရမိခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒီအကြမ်းဖက် လက်နက် ကိုင်အဖွဲ့များဟာ သူတို့အနေနဲ့ ဘယ်လိုပဲကြီးကြီးကျယ်ကျယ် စကားတွေကြွေးကြော်နေသည်ဖြစ်စေ သူတို့ရဲ့လုပ်ဆောင်နေသည့် လုပ်ငန်းတွေသည် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်မှောင်ခို ဒါတွေကိုပဲ လုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းစွာသိရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ဖျက်သောင်းကျန်းသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး သတင်းရယူခြင်းတွေဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့အတူ ဒီအကြမ်းဖက်အဖျက်သမားများကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ချေမှုန်းရမှာဖြစ်ပါတယ်။ ဒါသည် နိုင်ငံတော်ကို၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းပဲဖြစ်ပါတယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်။

No comments:

Post a Comment