Sunday, December 31, 2023

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦး ရှမ်းပြည်နယ်/ကယားပြည်နယ်ရှိ ဥပဒေအရာရှိများ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော် ဒီဇင်ဘာ ၃၀

ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရှမ်းပြည်နယ်/ ကယားပြည်နယ်ရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် ယနေ့မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တက်ရောက်

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် ဥပဒေချုပ်၊ ကယားပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်ဥပဒေအရာရှိ၊ ကယားပြည်နယ် ဥပဒေအရာရှိ၊ ခရိုင်/ မြို့နယ် ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဥပဒေအရာရှိများနှင့် ဝန်ထမ်းများကို တွေ့ဆုံအားပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအတွက် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် လှူဒါန်းငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကိစ္စရပ်များနှင့် ဝန်ထမ်းများ နေထိုင်မှုကိစ္စရပ်များအတွက် ကြိုးပမ်းဆောင်ရွက်ပေး ခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ငွေကျပ်သိန်း ၉၀ နှင့် စားသောက်ဖွယ်ရာ များကိုပေးအပ်ရာ ကယားပြည်နယ်ဥပဒေချုပ်က လက်ခံရယူသည်။

ဆက်လက်၍ ကယားပြည်နယ်ဥပဒေချုပ်နှင့် ရှမ်းပြည်နယ်ဥပဒေချုပ်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ်ဥပဒေအရာရှိ၊ ကယားပြည်နယ် ဥပဒေအရာရှိနှင့်ဝန်ထမ်းများက လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏ စီမံရေးရာ ကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ တရားစွဲနှင့်အမှုလိုက် ဆိုင်ရာကိစ္စရပ်များကိုမှာကြားရာ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က လုပ်ငန်းလမ်းညွှန်ချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဝန်ထမ်းများတင်ပြသော အခက်အခဲများနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တောင်ကြီးမြို့ ကံကြီးရပ်ကွက်၌ ယာယီဖွင့်လှစ်ထားသည့် ကယားပြည်နယ်ဥပဒေချုပ်ရုံးသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဥပဒေအရာရှိများနှင့်ဝန်ထမ်းများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment