Thursday, December 7, 2023

နိုင်ငံအကျိုးပြု အမျိုးသားအောင်ပွဲသို့ချီ

 


၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်၊ ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်။ ဤနေ့သည် မြန်မာတစ်မျိုးသားလုံးကို ဝံသာနုရက္ခိတစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာအောင် တပ်လှန့်နှိုးဆော်လိုက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့မှ မွေးဖွားလာသည့် တစ်မျိုးသားလုံး အမျိုးသားအားမာန်များဖြင့် လွတ်လပ်သောနိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နိုင်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် မျက်မှောက်ကာလတွင် ယင်းအမျိုးသားရေး အားမာန်များဖြင့်ပင် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။

မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယပြည် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံဖြစ်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို သီးခြားတက္ကသိုလ်အဖြစ် ထားရှိရန်စီစဉ်ခဲ့ရာ ထိုဥပဒေအရ မြန်မာကျောင်းသားတို့ အထက်တန်းပညာသင်ကြားရေးတွင် များစွာအခက်အခဲ ဖြစ်ခဲ့သည်။ မြန်မာလူငယ်တို့ အထက်တန်းပညာသင်ကြားတတ်မြောက်ရေးကို အဟန့်အတားဖြစ်စေသည့် ထို ၁၉၂၀ ပညာရေးဥပဒေကို ကန့််ကွက်သောအားဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် သပိတ်တိုက်ပွဲစတင်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ အာဏာစက်ကို မော်၍မျှမကြည့်ဝံ့သော ထိုခေတ်ကာလတွင် ကျောင်းသားသပိတ်သည် ထင်ရှားသော နယ်ချဲ့ဆန့်ကျင်ရေးအောင်လံ ဖြစ်ခဲ့သည်။ ထိုအချိန်မှစတင်၍ မြန်မာတစ်မျိုးသားလုံး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ နိုးကြားထက်သန်လာသည်။ ထို့ကြောင့်ပင် တက္ကသိုလ်ဥပဒေကိုဆန့်ကျင်ခဲ့သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ယနေ့ထက်တိုင် မော်ကွန်းတင်ခဲ့လေသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများလှုပ်ရှားမှု၊ အမျိုးသားပညာရေးမှ သန္ဓေတည်လာခဲ့သော အမျိုးသားအောင်ပွဲမှတစ်ဆင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ တစ်မျိုးသားလုံးတွင်ဖြစ်ထွန်းပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် အားမာန်ခွန်အားများမှာ ကြီးမားလှပါသည်။ လွတ်လပ်သောနိုင်ငံအဖြစ် ရောက်ရှိနေသည့် ယနေ့အချိန်အခါတွင် ရရှိပြီးသောလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်နိုးကြား ရှင်သန်နေစေရေး၊ နိုင်ငံသားအားလုံး ပညာရည်ပြည့်ဝပြီး နိုင်ငံတော်အေးချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားအောင်ပွဲနေ့စိတ်ဓာတ်ဖြင့်ပင် တစ်မျိုးသားလုံး နိုးကြားတက်ကြွစွာ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ယိုယွင်းနေသည့် နိုင်ငံများ၏ ဖြစ်စဉ်များကိုကြည့်လျှင် ပညာကိုအခြေခံသည့် အမျိုးသားရေးစိတ်ဓာတ်များနှင့် အမျိုးသားရေးတာဝန်များ ကင်းမဲ့နေခြင်း သို့တည်းမဟုတ် နိုင်ငံတိုင်း နိုင်ငံတိုင်း ထားရှိရမည့် အမျိုးသားရေးစိတ်ဓာတ်များအပေါ်တွင် ကျဉ်းမြောင်းသောခံယူချက်နှင့် တလွဲထင်မြင်ယူဆချက်များ ရှိနေခြင်းပင်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာစေရန် ပညာကိုအခြေခံ၍ ဖြစ်ပေါ်လာခဲ့သည်ကို မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့က ခိုင်မာစွာသက်သေထူထားပြီးဖြစ်သည်။ ပညာကိုအခြေခံသော်လည်း ကျဉ်းမြောင်းသော နိုင်ငံရေးအယူအဆများ လွှမ်းမိုးမှုကြောင့် အမျိုးသားရေးစိတ်ဓာတ်များ၊ ဝံသာနုရက္ခိတတရားများ ခေါင်းပါးလာသည်ကို မြန်မာနိုင်ငံတွင်လည်း တွေ့မြင်နိုင်ပါသည်။ ကျဉ်းမြောင်းသောစိတ်ဓာတ်များဖြင့် တိုင်းပြည်ကို အနုတ်လမ်းကြောင်းပေါ်သို့ တွန်းနေကြသည်ကို တွေ့မြင်နိုင်ပါသည်။

လူတိုင်းတွင် မှန်ကန်သော အတွေးအမြင်၊ အယူအဆ၊ အသိပညာ ဗဟုသုတများကို အခြေခံသည့် စစ်မှန်သောပညာ ထွန်းကားလာရေးသည် နိုင်ငံအနာဂတ်အတွက် အလွန်လိုအပ်နေသည်ကို ဆင်ခြင်ကြည့်နိုင်ပါသည်။ ပညာတတ်တိုင်းလည်း အများအကျိုးစီးပွားကို ဦးစားမပေး၊ အလေးမထား ကိုယ့်ခံယူချက်၊ ကိုယ့်လမ်းစဉ်၊ ကိုယ့်ဝါဒကို ဦးစားပေးနေပါက အများပြည်သူတို့၏ အနာဂတ်နှင့်အကျိုးစီးပွားများ မှေးမှိန်ပျောက်ဆုံးနေမည်ကို လက်တွေ့ဖြစ်ရပ်များတွင် အထင်အရှား မြင်တွေ့နေသည်။ ထို့ကြောင့် စစ်မှန်သော ပညာကိုအခြေခံသည့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် အမျိုးသားအောင်ပွဲခွန်အားများကို စုစည်းတည်ဆောက်ကြရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပညာစွမ်းအားအောင်ပွဲများဖြင့် နိုင်ငံကို တည်ဆောက်ကြရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို တိုင်းရင်းသားအားလုံး၏ ညီညွတ်သောစုပေါင်းအင်အားဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသောလူငယ်များ ပြုစုပျိုးထောင်ရေး၊ စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်လေးရပ်ဖြင့် အကောင်အထည်ဖော်ထားသည်။ အဆိုပါဦးတည်ချက်များသည် နိုင်ငံတော်အနာဂတ် ပိုမိုကောင်းမွန်လာစေရန်၊ နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နေနိုင်ရန် လိုအပ်သည့် အမျိုးသားအားမာန်များဖြစ်ရာ တစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်များဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အောင်ပွဲချီရမည်ဖြစ်ပါကြောင်း။   

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment