(၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)
ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းခညောင်းပြီး ကာယသုခ၊ စိတ္တသုခတို့နှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံနယ်ချဲ့လက်အောက် ကိုလိုနီဘဝကျရောက်ခဲ့ရသောကာလတွင် နယ်ချဲ့တို့က ကျွန်သက်ရှည်စေရန် ပညာရေးစနစ်ကို လက်နက်တစ်ခုအဖြစ်အသုံးချပြီး မြန်မာတို့ကို အသိဉာဏ်ပညာနိမ့်ပါးအောင် ဖိနှိပ်လုပ်ဆောင်ခဲ့ကြပါသည်။ ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် ဗြိတိသျှအစိုးရက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုကို ပေါင်းစည်းကာ ရန်ကုန်တက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့ပါသည်။
ထိုအက်ဥပဒေသည် မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာ သင်ယူခွင့်မရစေဘဲ ပညာတတ်နည်းပါးစေရန် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ရသော ဥပဒေဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။
၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပခဲ့သော ဂျီစီဘီအေအထူးကွန်ဖရင့်က ၁၉၂၀ ပြည့်နှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို “အမျိုးသားနေ့”အဖြစ် စတင်သတ်မှတ်ခဲ့ကြပါသည်။ ထိုနေ့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုကို တော်လှန်အောင်ပွဲခံသောနေ့ ဖြစ်သောကြောင့် “အမျိုးသားအောင်ပွဲနေ့” ဟုလည်း သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်။ ထိုကဲ့သို့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတို့နှင့် ယှဉ်တွဲပေါ်ပေါက်လာသော အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် ၁၀၃ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးဆီသို့” ဖြစ်ပြီး တွေ့ကြုံခဲ့ရသော သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအားလုံးပါဝင်လာနိုင်ရေး အမြဲတံခါးဖွင့် ကြိုဆိုလက်ကမ်းထားပါသည်။ NCA ချုပ်ဆိုခြင်းနှင့် ဆက်လက်ဆွေးနွေးမှုများမှ ရရှိလာသည့်ရလဒ်များကို အခြေခံ၍ ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းကြရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးကို သမိုင်းစဉ်ဆက်မပြတ် တာဝန်ထမ်းရွက်ခဲ့သော၊ နိုင်ငံ့အရေးကြုံလာတိုင်း ကာကွယ်စောင့်ရှောက်ခဲ့သော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမည့် ပြည်တွင်းပြည်ပရန်ဟူသမျှကို ကာကွယ်စောင့်ရှောက်လျက်ရှိပါသည်။ လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်အတွက် အန္တရာယ်ရှိမည့် ရွေးကောက်ပွဲတွင် ရိုးသားမှန်ကန်မှုမရှိဘဲ မသမာသောနည်းဖြင့် နိုင်ငံတော်အာဏာကို မတရားရယူမည့်အခြေအနေကို ကာကွယ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်ကာလသတ်မှတ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားအားလုံး၏ ညီညွတ်သောစုပေါင်းအားဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမည့်အချိန် ကာလဖြစ်ပါသည်။
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုသည်မှာ အများစုက ရွေးချယ်ခြင်း၊ အများစု၏ဆန္ဒကို ဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်းနှင့် ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန်ခွဲဝေလုပ်ဆောင်ခြင်းဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင်သည့်စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်သည့်ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်၍ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေးသည် အရေးပါလှသည့် လူမှုရေး ဦးတည်ချက်တစ်ရပ်ပင် ဖြစ်ပါသည်။ နိုင်ငံတော်၏အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းအစီအမံများ ချမှတ်အကောင်အထည်ဖော်လျက် ရှိပါသည်။
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံးအလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အထက်တန်းပညာ သင်ယူနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အလယ် တန်းအဆင့်ပြီးမြောက်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာများ သင်ယူနိုင်သည့်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို နိုင်ငံတစ်ဝန်းရှိ ခရိုင်များတွင် ဖွင့်လှစ်ပေးလျက်ရှိပါသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုအားလုံး စည်းလုံးညီညွတ်ရေးတို့သည် မိမိတို့ ဦးတည်ရမည့် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုးစီးပွားပင် ဖြစ်ပါသည်။
ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ပြည့်စုံစေရေးအတွက် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများတွင် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှင်သန်ကိန်းအောင်းလာပြီး အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုးကို စဉ်းစား ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော၊ ဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ သို့မှသာ ဗလငါးတန်ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များဖြင့် အနာဂတ်နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးအခန်းကဏ္ဍတို့တွင်လည်း ပိုမိုခိုင်မာလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်မည် ဖြစ်ပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော၊ အချိန်တိုအတွင်း ထိရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အလေးထားအားပေးဆောင်ရွက်ပြီး အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဦးတည်ဖော်ဆောင်ပေးလျက်ရှိပါသည်။
ပြည်ထောင်စု၏အင်အားသည် ပြည်ထောင်စုအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးတို့၏ ပေါင်းစည်းအားပင်ဖြစ်ပါသည်။ ထိုပေါင်းစည်းအားသည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုပေါ်တွင် တည်မှီနေပါသည်။ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲများကို ရှောင်ကြဉ်ကာ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှု၊ ညီညွတ်မျှတမှု၊ စိတ်စေတနာကောင်းမှု၊ ဉာဏ်ပညာအမြော်အမြင်ကြီးမှုတို့ကို အခြေခံ၍ အမျိုးသားရေးစိတ်ဓာတ် များဖြင့် စည်းလုံးညီညာစွာဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ သည်။
သို့ဖြစ်ပါ၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များဖြစ်သော -
- တိုင်းရင်းသားအားလုံး၏ ညီညွတ်သော စုပေါင်းအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊
- လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ရေး၊
- ဗလငါးတန်နှင့် ပြည့်စုံသည့်မျိုးချစ်စိတ်ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေး၊
- စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေးတို့ကို အမျိုးသားရေးတာဝန်၊ အမျိုးသားရေးစိတ်ဓာတ်၊ စည်းလုံးညီညွတ်သောအမျိုးသားရေး အားမာန်များဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
No comments:
Post a Comment