Monday, December 11, 2023

နိုင်ငံရေး ရည်မှန်းချက်များနှင့် ဆန့်ကျင်ရာ အကြမ်းဖက်မှုများ

 


ပြည်သာကျော်

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက အကြမ်းဖက်သုတေသနအဖွဲ့ရဲ့ Annex of Statistical Information 2022, Country Reports on Terrorism 2022 အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Bethesda မြို့မှ ကမ္ဘာ့အကြမ်းဖက်မှု အလားအလာနှင့် သုတေသနစင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးဗျူရိုအတွက် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေမှာ အကြမ်းဖက်မှု (Terrorist Activity) တွေ ဖြစ်ပွားခဲ့တာအပေါ် သုတေသနပြုစုတင်ပြခဲ့တာပါ။

အကြမ်းဖက်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို PDF တွေက ကျူးလွန်ခဲ့

အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို PDF တွေက ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ အကြိမ်အရေအတွက်အားဖြင့် ၁၉၈ ကြိမ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု ကျူးလွန်မှုအများဆုံးနဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူအများဆုံး (Top 10 Countries With the Most Terrorist Incidents, 2022) ၁၀ နိုင်ငံမှာ ပါဝင်နေတာကို Country Reports on Terrorism 2022 အစီရင် ခံစာမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကျူးလွန်တဲ့အဖွဲ့ (terror groups) တွေဟာ PDFKaren National Liberation Army (KNLA)Karenni Nationalities Defense Force (KNDF)Chinland Defense Force (CDF) နဲ့ အမည်မသိ (Unknown) အကြမ်းဖက်အဖွဲ့တွေ ဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ PDFKNLAKNDFCDF တို့ကို ကမ္ဘာ့ terror groups တွေဖြစ်တဲ့ ISIS-Core (အီရတ်နှင့် ဆီးရီးယား), ISIS of the Democratic Republic of the Congo (ISIS-DRC), al-Shabaab, ISIS-Mozambique (ISIS-M), ISIS-West Africa. (ISIS-WA), Boko Haram, the Communist Party of the Philippines, the Baloch Liberation Army, Hay’at Tahrir al-Sham, and the National Liberation Army (ELN) တို့လို အကြမ်းဖက်အဖွဲ့တွေလို့ အမေရိကန်ကိုယ်တိုင်က သတ်မှတ်ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုအရေအတွက် မြင့်တက်

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ Terrorist incidents အကြိမ်ပေါင်းအနေနဲ့ဆိုရင် ၂၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးရသူပေါင်းက ၂၁၃၀ ရှိတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ ၂၉၁ ကြိမ်ထဲမှာ PDF က ၁၉၈ မှုဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၀ ရာခိုင်နှုန်းအထိ ရှိတယ်။ PDF နောက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) က ၂၉ ကြိမ်ဖြစ်လို့ အကြမ်းဖက်မှုအားလုံးရဲ့ ၇ ရာခိုင်နှုန်း ဖြစ်တယ်။ ကရင်နီ လူမျိုးစုတပ်များ KNDF က ၂၇ ကြိမ်ဖြစ်တဲ့အတွက် အကြမ်းဖက်မှုအားလုံးရဲ့ ၇ ရာခိုင်နှုန်းကို ကျူးလွန်ခဲ့တယ်။ အကြမ်းဖက်မှု ၁၄ ရာခိုင်နှုန်းကတော့ ကျူးလွန်သူ စုံစမ်းမရဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ အတွင်း က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အကြိမ်အရေ အတွက် ၃၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၃၉၁ ကြိမ် ဖြစ်ပွား ခဲ့တယ်။ ရာခိုင်နှုန်းအနေနဲ့ ၂၀ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ အကြမ်းဖက်မှုဖြစ်ပွားတဲ့ အကြိမ် အရေအတွက် မြင့်မားမှုအနေနဲ့ ကမ္ဘာမှာ စတုတ္ထမြောက်နိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာမှာ ဆိုထားပါ တယ်။

သေဆုံးသူအရေအတွက်လည်း မြင့်တက်

သေဆုံးသူအရေအတွက်အားဖြင့်လည်း ၂၀၂၁ ခုနှစ်က ၁၀၅၂ ဦး ရှိပြီး ၂၀၂၂ ခုနှစ်မှာတော့ ၂၁၃၀ သေဆုံးခဲ့တယ်။ ရာခိုင်နှုန်းအနေနဲ့ ၁၀၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်။ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးမှုရာခိုင်နှုန်း အများဆုံးမြင့်တက်တာက ၁၅၆ ရာခိုင်နှုန်းနဲ့ MALI နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံကတော့ ဒုတိယအမြင့်ဆုံးဖြစ်တယ်။ ဖြစ်ပွားတဲ့အကြမ်းဖက်မှု ဖြစ်စဉ်တွေအနေနဲ့ကြည့်ရင် ပစ်ခတ်မှုက ၃၈ ရာခိုင်နှုန်း၊ မြေမြှုပ်မိုင်း သို့မဟုတ် Improvised Explosive Device (IDE) ကြောင့် ၂၁ ရာခိုင်နှုန်း၊ ဗုံးခွဲတိုက်ခိုက်မှုက ၁၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့များက ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေဟာဆိုရင် တပ်မတော်ကို ဦးတည်တိုက်ခဲ့ တာတွေက ၅၈ ရာခိုင်နှုန်းရှိပြီး ကျူးလွန်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာက ၁၅ ရာခိုင်နှုန်းနဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ၉ ရာခိုင်နှုန်း ရှိပါတယ်။ အကြမ်းဖက်မှုဖြစ်ပွားတဲ့ နယ်မြေဒေသ (Location of Terrorist Activity ) အနေနဲ့ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀၇ မှု (၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၂ မှု (၁၁ ရာခိုင်နှုန်း)၊ ကချင်ပြည်နယ်မှာ ၃၆ မှု (၉ ရာခိုင်နှုန်း) ရှိပါတယ်။

PDF တွေရဲ့ အကြမ်းဖက်မှုကို တရားဝင် ထုတ်ဖော်ပြောဆိုလာ

ဒါဟာ အမေရိကန်နိုင်ငံကိုယ်တိုင်က PDF တွေရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိတရားဝင် ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ ယခင်ကတော့ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ပံ့ပိုးကူညီဖို့အတွက် အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ NDAA အောက်မှာ Burma Act ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ထိုးပြီး ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီဥပဒေအရ လက်နက်ကိုင်ဆန့်ကျင်တိုက်မှုတွေ ပြုလုပ်နေတဲ့ NUGNUCCCRPH နဲ့ လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ PDF ​အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကူညီပံ့ပိုးပေးသွားမယ်လို့ ဆိုထားပါတယ်။ ကူညီမယ့်အထဲမှာ ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မလျော့စေဘဲ သုံးစွဲဖို့ ဖြစ်ပါတယ်။ အဲဒီ အချိန်က PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေဟာ နိုင်ငံတကာကျင့်ဝတ်၊ စည်းမျဉ်းတွေလိုက်နာဖို့ သင်တန်းတွေကို နိုင်ငံတကာအစိုးရအချို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG က ပြောခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ စစ်ရေးပစ်မှတ်တွေအပြင် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ငွေကြေးနဲ့ ပစ္စည်းတွေယူနေတာတွေ ကျူးလွန်နေပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်မှာလည်း တက္ကသိုလ် ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေကို ကယ်ထုတ်သွားတယ်လို့ပြောနေပေမယ့် လက်တွေ့မှာ ဓားစာခံအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။ လွှတ်ပေးရတဲ့အချိန်မှာလည်း ခြိမ်းခြောက် ငွေတောင်းခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ဟာ အကြမ်းဖက်မှုလုပ်ရပ် (Terrorist Activity) ဖြစ်ပါတယ်။ တက္ကသိုလ် ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဆိုတာ အပြစ်မဲ့ ပြည်သူတွေပဲဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းက ကျောင်းသူ ကျောင်းသားတွေကို ပညာသင်ကြား ပေးတာဟာ ပြစ်မှုမဟုတ်ပါဘူး။ ဒါပေမယ့်လည်း နိုင်ငံရေးရည်မှန်းချက်နဲ့လည်းမဆိုင်၊ စစ်ရေး ပစ်မှတ်လည်းမဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းဟာ အကြမ်းဖက်ခြင်းသာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဟာ တော်လှန်ရေးမဟုတ်

အကြမ်းဖက်မှု (Terrorist Activity) နဲ့ လက်နက်ကိုင်တော်လှန်ရေး (Armed Revolution) ဟာ လက်နက်ကိုင်တိုက်ခိုက်တာချင်းတူပေမယ့် အနှစ်သာရ၊ ဦးတည်ချက်၊ အပြုအမူနဲ့ အသွင် သဏ္ဌာန်တွေ မတူညီကြပါဘူး။ ရည်မှန်းချက်မတူသလို လုပ်ဆောင်တဲ့နည်းလမ်းတွေလည်း မတူပါ ဘူး။ လက်နက်ကိုင်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဟာ တော်လှန်ရေးမဟုတ်ပါဘူး။ နိုင်ငံရေးရည်မှန်းချက်အတွက် စစ်ရေးကို နောက်ဆုံးနည်းလမ်းတစ်ရပ်အနေနဲ့ အသုံးချလေ့ရှိပါတယ်။ ကမ္ဘာမှာလည်း စစ်ရေးကို နိုင်ငံရေးရည်မှန်းချက်အတွက် သုံးခဲ့တဲ့သာဓကတွေ အများကြီးရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ အခြေအနေ၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့အခြေအနေနဲ့ ပြည်သူလူထုအခြေအနေ၊ လက်နက်ကိုင်တိုက်ခိုက်မှုရဲ့ ရည်မှန်း ချက်၊ နည်းလမ်းတွေပေါ်မူတည်ပြီး အောင်မြင်တာ တွေလည်းရှိတယ်၊ မအောင်မြင်တာတွေလည်း ရှိကြပါတယ်။ လက်နက်ကိုင်တိုက်ခိုက်တိုင်း အောင်မြင်မယ်လို့ ပုံသေသတ်မှတ်လို့ မရပါဘူး။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လက်နက်ကိုင်တိုက်ခိုက်မှု အရှည်ကြာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ နိုင်ငံရေးအဆင်မပြေတာတွေကို ဖြေရှင်းဖို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့အထိ အားလုံးရည်မှန်းတဲ့ နိုင်ငံရေး ဦးတည်ချက်ဆီ မရောက်နိုင်သေးဘဲ လက်နက်ကိုင်တိုက်ခိုက်တာတွေရဲ့ ဆိုးကျိုးတွေသာ တဝဲဝဲ လည်လည်ခံစားနေကြရဆဲပါ။ အဲဒီပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကြိုးစားကြဆဲမှာပဲ တစ်ဖက်မှာ လက်နက်ကိုင်တိုက်ခိုက်မှုကိုသာ လိုလားသူတွေရှိနေပါတယ်။ ၂၀၂၁ နိုင်ငံရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာလည်း လက်နက်ကိုင်တိုက်ခိုက်တဲ့နည်းလမ်းကိုပဲ သုံးလာကြပြန်ပါတယ်။ စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးတွန်းလှန်တိုက်ခိုက်ဖို့ဆိုပြီး NUG က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ NUG အနေနဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒါတွေနဲ့အတူ ကိုယ်ထူကိုယ်ထ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေလည်း ပေါ်ထွက်လာပါတယ်။

 NUG အနေနဲ့ PDF တွေရဲ့ အကြမ်းဖက်မှုတွေကို သိနေပေမယ့် PDF တွေကို ဆက်ပြီးအသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်မဖြစ် ဆုံးဖြတ်ပေးမယ့် နှစ်ဖြစ်တယ်လို့ NUG က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောခဲ့ပါတယ်။ NUG ရဲ့ ပြောကြားချက်ဟာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ပိုပြီးကြီးမားလာအောင် လှုံ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုဆို ၂၀၂၃ ကုန်ပါတော့မယ်။ အကြမ်းဖက်မှုတွေက ပိုဆိုးလာပါတယ်။ နောက်ကွယ်က ထောက်ပံ့ပေးနေတဲ့ အမေရိကန်ကိုယ်တိုင်က PDF တွေကို အကြမ်းဖက်အဖြစ် ကမ္ဘာကို ထုတ်ဖော်ပြောဆိုလာပါတယ်။ ဒီတော့ NUG နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ဦးတည်ချက်နဲ့ လုပ်ရပ်တွေကို အနုလုံ၊ ပဋိလုံ ပြန်စဉ်းစားရမယ့်အချိန် ရောက်နေပါပြီ။

လက်နက်ကိုင်တိုက်ခိုက်တဲ့ နည်းလမ်းနဲ့ ရည်မှန်းချက် မရောက်နိုင်

မြန်မာ့နိုင်ငံရေးမှာ လက်နက်ကိုင်တိုက်ခိုက်ပြီး ဖြေရှင်းတဲ့နည်းလမ်းနဲ့ ပြည်သူလူထုလိုလားတဲ့ ရည်မှန်းချက်မရောက်နိုင်တာကို သမိုင်းက သက်သေပဲဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှု တွေက နိုင်ငံကို ဆင်းရဲတွင်းနက်စေပြီး ပဋိပက္ခတွေကို ပိုမိုကြီးမားစေခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ နိုင်ငံရေးမှာ ပြည်တွင်းရေးကို စွက်ဖက်တဲ့သူတွေ၊ ကြိုးကိုင်လိုတဲ့သူတွေနဲ့ အမြတ်ထုတ်လိုသူတွေက အမြဲဒွန်တွဲပါနေပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကိုယ်ကျိုးစီးပွားမြှင့်တင်ရေးနဲ့ ကိုယ်ကျိုး စီးပွားကာကွယ်ရေးအတွက် နိုင်ငံငယ်တွေကို လိုသလိုအသုံးချခဲ့ကြတာ အခုမှမဟုတ်ပါဘူး။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ ကြီးနိုင်ငယ်ညှဉ်း လွှမ်းမိုးခဲ့ကြပါတယ်။ နောင်လည်း လွှမ်းမိုးဖို့ ကြိုးစားနေကြဦးမှာပါ။ မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ လည်း ဒီလိုပါပဲ။ အမြတ်ထုတ်လိုသူတွေရဲ့ ပံ့ပိုး ထောက်ပံ့မှုတွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူ လူထုအကျိုးထက် သူတို့အကျိုးအတွက်ကိုပဲ ဦးတည်ကြပါတယ်။ လတ်တလောပဋိပက္ခတွေမှာလည်း အမေရိကန်ဟာ ဥပဒေပြဋ္ဌာန်းပြီး ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အဲဒီရဲ့အကျိုးဆက်က အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေ သက်ဆိုးရှည်ပြီး အကြမ်းဖက်မှုတွေ များလာခြင်းပါပဲ။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ အဖြေထွက်မလာခဲ့ပါဘူး။ အမေရိကန်ဟာ သူတို့ပံ့ပိုးကူညီခဲ့သူတွေဟာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတာကို အခုတော့ သူတို့ကိုယ်တိုင် ဖွင့်ထုတ်လာပါပြီ။ ဒါပေမယ့် အဲဒီရဲ့အကျိုးဆက်ကို အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေ ခံစားကြရတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထု ခါးစည်းခံစားနေကြရတာပါ။

ဒီတော့ ကိုယ်စီးတဲ့မြင်း အထီး၊ အမသိဖို့ လိုသလို အကြမ်းဖက်မှုတွေဟာ နိုင်ငံရေးရည်မှန်း ချက်လားဆိုတာ သိဖို့လိုပါတယ်။ အကြမ်းဖက်မှု (Terrorist Activity) နဲ့ လက်နက်ကိုင်တော်လှန်ရေး (Armed Revolution) ကို လေနဲ့ဝမ်း ကွဲဖို့လိုပါ တယ်။ ဒါ့အပြင် နိုင်ငံရေးရည်မှန်းချက်အတွက်လား၊ ကိုယ်ကျိုးအတ္တအတွက်လား ကွဲဖို့လိုပါတယ်။ နိုင်ငံ့အတွက် အကျိုးမပြုတဲ့အပြင် အလုံးစုံပျက်စီးစေတဲ့နည်းလမ်းတွေကို စွဲစွဲလမ်းလမ်း အသုံးပြု နေတာဟာ ဒီထက်ကောင်းမွန်တဲ့ နည်းလမ်းကို မသိတာလား၊ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတာလားဆိုတာ အခုဆိုအဖြေထွက်နေပါပြီ။

အကြမ်းဖက်မှုတွေ ပိုဆိုးလာ

အမေရိကန်နိုင်ငံရဲ့ Country Reports on Terrorism 2022 ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေဟာ ၂၀၁၁ခုနှစ်ကထက် ၂၀၂၂ ခုနှစ်မှာ ပိုဆိုးလာပါတယ်။ အခုဆို ၂၀၂၂ ခုနှစ်ကထက် ၂၀၂၃ ခုနှစ်မှာ ပိုဆိုးပါတယ်။ တစ်နှစ် ထက်တစ်နှစ် အကြမ်းဖက်မှုတွေ တိုးလာတာက သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်လား၊ ပြည်သူလူထု အတွက်လား၊ ဘယ်သူ့အကျိုးစီးပွားအတွက်လဲ။ ပြည်သူလူထုကတော့ အသက်တွေ စတေးနေရ ဆဲပါ။၊ အသက်အိုးအိမ်တွေပစ်ပြီး ပြေးနေရဆဲပါ။ ကိုယ်စီဘဝတိုးတက်ရေးထက် အသက်ရှင်ရေး အတွက် ရုန်းကန်နေကြရပါတယ်။ နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်ပွဲဖြစ်ပြီး စစ်ပွဲဆိုတာ သွေးထွက်တဲ့ နိုင်ငံရေးဖြစ်တယ်လို့ မော်စီတုံးက ပြောခဲ့ဖူးပါတယ်။ အခုနိုင်ငံရေးကတော့ သွေးထွက်ရုံတင်မက ပါဘူး၊ အပြစ်မဲ့တဲ့အသက်တွေပါ စတေးနေရပါတယ်။

ပြည်သူတွေကို စတေးပြီး ကိုယ့်ရဲ့နိုင်ငံရေး ရည်မှန်းချက်နဲ့ လုပ်ရပ်တွေကို ဘယ်လောက်ပဲ ကာကွယ်ပြောဆိုနေပါစေ၊ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ရင် လုပ်ရပ်နဲ့ရလဒ်ဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေပါတယ်။ ဒီလိုအခြေအနေဖြစ်နေတာတောင်မှ နိုင်ငံရေးရည်ရွယ်ချက်မှန်တယ်လို့ ဆုပ်ကိုင်ထားမယ်ဆိုရင် Country Reports on Terrorism 2022 အစီရင်ခံစာအရ သုတေသနပြု တွေ့ရှိထားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ Terrorist Activities ၉ ရာခိုင်နှုန်းဟာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ဆောင်ခဲ့တာပဲလို့ ကောက်ချက်ချရမှာပါ။

အမေရိကန် ကိုယ်တိုင်ကလည်း အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ထောက်ပံ့ခဲ့တာလို့ ပြောနိုင်ပါတယ်။ ဒီတော့ ပြည်သူလူထုရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ (Terrorist Activities) ကို စွန့်လွှတ်ပြီး အဲဒီအကြမ်းဖက်မှုတွေအစား ငြိမ်းချမ်း တဲ့ နည်းလမ်းနဲ့ နိုင်ငံရေးအဖြေရှာကြဖို့ အချိန်တန်ပါပြီ။ ။

No comments:

Post a Comment