လင်းလက်နေခြည်
လက်တွဲညီညီ
အဂတိလိုက်စားမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှုစနစ်များ ယိုယွင်းပျက်စီးစေနိုင်သည်ကို သတိပြုမိ၍ နိုင်ငံတိုင်းက အလေးထားတိုက်ဖျက်လာကြသည့် သတင်းများကို သတင်းစာမျက်နှာများတွင် နေ့စဉ်ဖတ်ရှုနေကြရသည်မှာ အားတက်ဖွယ် ပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းဖြစ်သည့် ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ အဖွဲ့ဝင်နိုင်ငံ ၁၉၀ နိုင်ငံအထိရှိလာပြီဖြစ်သဖြင့် အဂတိလိုက်စားမှုကို ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက ပူးပေါင်း တိုက်ဖျက်နေကြသည်ကို အခိုင်အမာသက်သေပြနေသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်
ပြစ်မှုဆိုင်ရာရုံး (UNODC)
၏ website ၌ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
လာဘ်ပေးလာဘ်ယူမှု၊ အများပြည်သူဘဏ္ဍာရန်ပုံငွေ အလွဲသုံးစားပြုခြင်းစသည့်
အဂတိလိုက်စားမှု များကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်ခန့်မှ သန်း ၄၀၀
ဝန်းကျင်ခန့်အတွင်း ဆုံးရှုံးနေသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိ ရသည်။ အဂတိလိုက်စားမှုကြောင့်
ကုန်ကျနိုင်သည့် ကုန်ကျစရိတ်များနှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဖော်ပြချက်
တစ်ရပ်တွင်မူ အစိုးရများ၏ အများပြည်သူဘဏ္ဍာရန်ပုံငွေသုံးစွဲမှုမှ ၂၅
ရာခိုင်နှုန်းခန့်သည် အဂတိ လိုက်စားမှုများကြောင့် ဆုံးရှုံးနေရသည်ဟု ဖော်ပြထားသည်ကို
တွေ့ရသည်။
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ရပ်
ပေါ်ထွန်းလာခဲ့
အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏
ပြည်တွင်း၌သာ ဖြစ်ပွားသည့် ပြစ်မှုအသွင်မှ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသော ဂိုဏ်းဖွဲ့ကျူးလွန်သည့်
ပြစ်မှုများအသွင်သို့ ပြောင်းလဲလာနိုင်သည့်အတွက် ပြည်တွင်းဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းခြင်း၊
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊
တားဆီးကာကွယ်ရေးဆိုင်ရာအစီအမံများ ချမှတ်ဆောင်ရွက်ခြင်းစသည့်
နိုင်ငံတွင်းဆောင်ရွက် မှုများအပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို
ပိုမိုအလေးထားဆောင်ရွက်လာကြသည်ကို တွေ့ရှိ ရသည်။
ထိုကဲ့သို့သော နိုင်ငံတိုင်းအပေါ် ဆိုးရွားသောသက်ရောက်မှုများဖြစ်စေသည့်
အဂတိလိုက်စားမှုများ၊ ယင်းနှင့်ဆက်စပ်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ငွေကြေးခဝါချမှုများစသည်တို့ကို
တားဆီးကာကွယ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ကမ္ဘာ့ကုလသမဂ္ဂက ၂၀၀၃
ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ်
၅၈/၄ အရ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ၂၀၀၃ ခုနှစ်
ဒီဇင်ဘာလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့အထိ မက္ကဆီကိုနိုင်ငံ မာရီဒါမြို့၌
ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံတွင် သဘောတူလက်မှတ်ရေးထိုး၍ စတင်ပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်နိုင်ငံ
တစ်နိုင်ငံဖြစ်
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်အဖြစ်
နိုင်ငံပေါင်း ၁၉၀ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံ သည် ၁၆၅
နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ၇-၈-၂၀၁၃ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ပဉ္စမအကြိမ်
အထိ ပြင်ဆင်ခဲ့ပြီးဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆ (ဏ) တွင်
ကော်မရှင်အနေဖြင့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင်
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်
ပူးပေါင်း ဆောင်ရွက်ခြင်း” ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက်ပိုင်းတွင်
ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများညီလာခံ (Confer-ence of the State Parties to the UNCAC- COSP) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သော
Implementation Review
Group-IRG နှင့် Open-ended Intergovernmental Working Group အစည်းအဝေးများသို့
ပါဝင်တက်ရောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်
ကော်မရှင်အနေဖြင့် နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ
(Inter-national Anti-Corruption
Academy) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို
တွေ့ရသည်။ ထို့အပြင် ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး
အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against
Corruption-ASEAN-PAC) သို့လည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီး
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် အဖွဲ့ဝင်နိုင်ငံများ နှင့်
ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရ သည်။
မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို
အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ
ဆောင်ရွက်လျက်ရှိ သကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့် နီးကပ်သည့်
ပူးပေါင်းဆောင်ရွက်မှုဖြင့် “ကျွမ်းကျင်မှုနည်းပညာ အကူအညီများ၊ သတင်းအချက်အလက်များ
အပြန်အလှန်ဖလှယ်နိုင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ
အတွေ့အကြုံများနှင့် အလေ့အကျင့်များကို ဖလှယ်နိုင်ရေး” ရည်ရွယ်၍ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများ၊
အခြားနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများကို
လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်။
၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ Government Inspectorate of Vietnam
(GIV) နှင့် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ National Anti-Corrup -tion Commission
(NACC) နှင့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံ State Inspection and Anti-Corruption
Authority (SIAA) နှင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ကိုရီးယားနိုင်ငံ Anti-Corruption and Civil Rights
Commission (ACRC)နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ
သံရုံးနှင့်လည်းကောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် အိန္ဒိယနိုင်ငံ အဂတိလိုက်စားမှု
တိုက်ဖျက် ရေးအကယ်ဒမီ (Anti-Corruption
Academy) နှင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ Anti-Corruption Unit (ACU) နှင့်
လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်ကို
တွေ့ရသည်။
နိုင်ငံတကာနှင့် မျက်ခြည်မပြတ်
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အဂတိ
လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှု ကျူးလွန်သူများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်နေသကဲ့ သို့ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ
ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရေးရည်ရွယ်၍ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြည်သူလူထု၏
ပူးပေါင်းပါဝင်မှုကိုရရှိစေရန် အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို
ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း လူငယ်များကို ဦးတည်သည့်
ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအစီအစဉ်များဆောင်ရွက်ခြင်း၊
လူငယ်စကားဝိုင်းများကျင်းပခြင်းတို့ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ
ဆောင်ရွက်နေသည်ကို တွေ့ရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်
လက်တွဲတိုက်ဖျက် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့တွင်
ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ်အခမ်းအနားများကိုလည်း နိုင်ငံတကာနည်းတူ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ယခုနှစ်တွင် ကျရောက်မည့် အထိမ်းအမှတ် အခမ်းအနားအတွက် ကြိုတင်ကာ လူငယ်အသိပညာပေးပိုစတာ၊
ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသူများကို စနစ်တကျ
ရွေးချယ်ထုတ်ပြန်ကြေညာထားပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်နိုင်ရေး ဆောင်ရွက်နေသည်မှာလည်း
မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍကို ပုံဖော်ပေးခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ သဘောထား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်
ဒီဇင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ နှင့်အညီ တာဝန်ထမ်းဆောင်စဉ်တွင် သန့်ရှင်းသော
အစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ဖြစ်ထွန်းလာစေရေး၊ အများပြည်သူဆိုင်ရာ
အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းနှင့်
နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးတို့ကို ဘက်ပေါင်းစုံက
ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး
စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို
အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက ထိခိုက်စေသည့်
အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုများ
လျော့နည်းကျဆင်းလာစေရေး ဆောင်ရွက်ရာတွင် စုံစမ်း စစ်ဆေးအရေးယူမှုတစ်ခုတည်းနှင့် လုံလောက်မှုမရှိနိုင်ပါကြောင်း၊
အဂတိလိုက်စားမှုကို လုံးဝ လက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့်
အသိ ပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်ရန် လိုအပ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ရေးနှင့်
အဂတိကင်းစင်သော လူ့အဖွဲ့အစည်းကို တည်ထောင်လိုသော နိုင်ငံတော်အကြီးအကဲ၏
စိတ်စေတနာကို တွေ့မြင်ခံစားနိုင်သည်။ ကော်မရှင် အနေဖြင့်လည်း အသိပညာပေးလုပ်ငန်းများနှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများကို
ပိုမိုဦးစားပေး ဆောင်ရွက်လာသည်ကို တွေ့ရသည်။ အဂတိလိုက်စားမှုဖြစ်ပေါ်ပြီးမှ အရေးယူခြင်းဖြင့်
နိုင်ငံတော်အတွက် ဘဏ္ဍာရန်ပုံငွေ ဆုံးရှုံးခြင်း၊
လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးခြင်း၊ နိုင်ငံတော်၏ ပုံရိပ်ကျဆင်းခြင်း စသည်တို့ မဖြစ်ပေါ်စေရေး
ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များပင် ဖြစ်သည်။
အဂတိပယ်ခွာ ပြည်သာယာရေး
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့်
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်မှာ ''UNCAC AT 20: UNITING THE WORLD AGAINST
CORRUPTION'' ဖြစ်ပြီး အဂတိလိုက်စားမှုများကို နိုင်ငံအားလုံးက
ပူးပေါင်းတိုက်ဖျက်ရန် ရည်ရွယ်ချမှတ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူလျက် အဂတိပယ်ခွာ ပြည်သာယာဟူသော
ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့နိုင်ငံများအားလုံး က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဦးတည်ဆောင်ရွက်နေသည့်
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံကလည်း
ပါဝင် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်ပြီး ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်ကို ပုံဖော်နိုင်ရေး ပြည်သူလူထုနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့်လည်း အနာဂတ် မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်၍ သာယာလှပစေရေး
ဦးတည်ဆောင်ရွက်နေသဖြင့် ပြည်သူလူထု တစ်ရပ်လုံးကလည်း အဂတိလိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်းမပြုသည့်
စိတ်ဓာတ်တို့ဖြင့် ကော်မရှင်နှင့်လက်တွဲဆောင်ရွက်ကာ အများပြည်သူနှင့်
ပူးပေါင်းဆောင်ရွက်မှုအသွင်ဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်
ဆောင်ရွက်နိုင်စေကြောင်း ရည်ရွယ် တင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment