ဒေါက်တာပြည့်ထူး (FDA)
UHC ကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်
ကနဦး ကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care- PHC) သည် UHC သို့ ရောက်ရှိရန် အထိရောက်ဆုံးနှင့် ကုန်ကျစရိတ်သက်သာသောနည်းလမ်းဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းသည် ၎င်းတို့၏လူဦးရေနှင့် အရင်းအမြစ်များ လိုအပ်ချက်များအပေါ်အခြေခံ၍ ကွဲပြားသော နည်းလမ်းများဖြင့် UHC ကို အောင်မြင်အောင် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြသည်။
ယနေ့ခေတ်တွင် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့်
ပြည်သူလူထု၏ မျှော်မှန်း သက်တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို
တိုးမြှင့် ဆောင်ရွက်ပေးခြင်းကို ကမ္ဘာ့နိုင်ငံများအားလုံးက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်
ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း
တိုးတက်မြင့်မားစေ ရေးအတွက် အထောက်အကူဖြစ်စေမည့် ပြည်သူ့ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ
ကိစ္စရပ်များကို လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။ “မည်သူကိုမျှ
နောက်မချန်ရစ်စေရေး” (No
One Left Behind) သည် ကျန်းမာရေးကို အခြေခံလူ့အခွင့်အရေးအဖြစ်
အသိအမှတ်ပြုသည့် ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြစ်ရာ
၎င်းအားပြည့်မီစေရေး ဖြည့်ဆည်းရန် အကောင်းဆုံးနည်းလမ်းမှာ UHC ပင် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ UHC ဝန်ဆောင်မှုလွှမ်းခြုံနိုင်ခြင်း
ညွှန်းကိန်းရမှတ် (Service
Coverage Index-SCI) သည် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် အကြားတွင်
ဖြည်းညင်းသည့် တိုးတက်မှုနှုန်းဖြင့် ၄၅ မှ ၆၈ အထိ တိုးတက်ခဲ့သည်ကို တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ UHC သို့
ယခုထက်ပိုသည့် တိုးတက်မှုနှုန်းဖြင့် လှမ်းချီနိုင်ရေး ပြည်သူ့ကျန်းမာရေးအခန်း
ကဏ္ဍကို မြှင့်တင်ပေးရန် အထူးလိုအပ်လှပေသည်။
ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများ
ဖြစ်ပေါ်လာရေး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု တည်ဆောက်ရာတွင်
တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်မှသာလျှင် ထိရောက်သည့် တိုးတက်မှုရလဒ်များကို
ရရှိနိုင်မည်ဖြစ်ပြီး အဓိကကျသော စွမ်းအားစုကြီးဖြစ်သည့် ကျန်းမာကြံ့ခိုင်သော
နိုင်ငံသားများ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု
(Public Health Care) သည်
လွန်စွာပင်အရေးကြီးလှသည်။
ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာနေသော
ကမ္ဘာကြီးအနေဖြင့် စီးပွားရေးနှင့် လူမှုရေးမညီမျှမှု များ တိုးပွားလာခြင်း၊
မြို့ပြအလျင်အမြန်ဖွံ့ဖြိုးလာခြင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်
မှုများ၊ အိတ်ခ်ျအိုင်ဗွီနှင့် အခြားကူးစက်ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးများနှင့် သွေးတိုးနှင့်ဆီးချိုတို့ကဲ့သို့
သော မကူးစက်သည့်ရောဂါများ ဖြစ်ပွားမှုမြင့်မားလာခြင်းစသည့်တို့ကိုလည်း
ရင်ဆိုင်ဖြေရှင်းနေရ သည်။ ကျန်းမာရေးကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်
အခြေခံအကျဆုံးဖြစ်သည့် အတွက်ကြောင့် နောင်အနာဂတ်ကာလတွင် တိုးတက်ပြောင်းလဲလာမည့်
လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ကြိုတင်တွက်ဆကာ ရှိရင်းစွဲအရင်းအမြစ်များကို
အခြေခံ၍ မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို
အရည်အသွေးပြည့်ဝစွာဖြင့် လိုက်လျောညီထွေ ဖွံ့ဖြိုးတိုးတက်နေစေရန် လိုအပ်လျက်ရှိသည်။
ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးအဆင့် မြင့်မားလာစေရေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်အနက်
လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်
ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဦးတည်ချက်ကို
အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့်
လူတိုင်းရောဂါဘယကင်းရှင်းရေးဟူသည့် ရည်မှန်းချက်နှစ်ရပ်ချမှတ်ကာ
ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက်
ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးအဆင့်အတန်းမြင့်မားလာရေးအတွက်
ကျန်းမာရေးအဆင့် မြှင့်တင်ခြင်း (Promotive)၊ ရောဂါမဖြစ်ပွားခင် ကြိုတင်ကာကွယ်ခြင်း (Preventive)၊ ရောဂါဖြစ်ပွား
လာပါက ကုသမှုပေးခြင်း (Curative)
နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်း (Rehabilitative) စသည့် လုပ်ငန်းစဉ်များကို
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်
(Sustainable Development
Goals-SDGs) တွင် ပါရှိသည့် ကျန်းမာရေးနှင့် ဆက်နွှယ်သော ပန်းတိုင် (၃)
ဖြစ်သော လူတိုင်းသက်ရွယ်မရွေး ကျန်းမာသည့် ဘဝရရှိနိုင်ရေးနှင့် ကျန်းမာရေးမြှင့်တင်ပေးရေးပန်းတိုင်ကို
၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီနိုင်ရေး အထူးအလေးထား အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည်
အလွန်အရေးပါသည့် အတွက် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန်နှင့် သက်ရှည်ကျန်းမာသောဘဝ
ရရှိပိုင်ဆိုင်နိုင်ရေး မျှော်မှန်းလျက် ကျန်းမာသော မျှော်မှန်းလူ့သက်တမ်း
တိုးမြှင့်လာစေရန်၊ လူတိုင်း လက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု
ရရှိနိုင်စေရန်၊ လူတိုင်းရောဂါဘယကင်းရှင်းစေ ရန်နှင့် ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရန်ဟူသည့်
ရည်မှန်းချက်များ ချမှတ်ကာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက
ဦးတည်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူ့ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ
“Prevention is better than cure” ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်
ဟူသည့် ဆောင်ပုဒ်ရှိပေသည်။ သို့ဖြစ်ပါ၍ ကာကွယ်ခြင်းကို အားဖြည့်စေမည့် ပြည်သူ့ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများကို မွေးဖွားသည်မှ အသက်အရွယ်အိုမင်းသည်အထိ
ပြုလုပ်ဆောင်ရွက် ပေးရန် လိုအပ်ပေသည်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီး
မိခင်စောင့်ရှောက်မှုလုပ်ငန်းများ၊ မွေးကင်းစနှင့်
ကလေးစောင့်ရှောက်မှုလုပ်ငန်းများ ပါဝင်သလို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် မကူးစက်နိုင်သောရောဂါများ
ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ပါဝင်ပါသည်။ ထို့အပြင် အစားအသောက်နှင့်
ဆေးဝါးများ၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ဘေးကင်းလုံခြုံရေးသည်လည်း
ပြည်သူ့ ကျန်းမာရေးနှင့်ဆက်စပ်မှုများ (Public Health Concerns) ရှိသဖြင့် ၎င်းကိစ္စရပ်များကိုလည်း
မြှင့်တင်ပေးရန် လိုအပ်လှပေသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ
မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်းမှာ အမျိုးသားများအတွက် ၆၀ ဒသမ ၂ နှစ်ဖြစ်ပြီး အမျိုးသမီးများအတွက်
၆၉ ဒသမ ၃ နှစ်ဖြစ်သည်။ မိမိတို့ အဘိုးအဘွားများ လက်ထက်နှင့် နှိုင်းယှဉ်လျှင်
လျော့ကျလာသည်ကို တွေ့ရပေမည်။ သို့ဖြစ်၍ မျှော်မှန်းသက်တမ်း မြင့်မား ရေးအတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များမှာ
များစွာအရေးပါလှပေသည်။ ၎င်း သန်းခေါင်းစာရင်းအရပင် မြန်မာနိုင်ငံသည်
မွေးကင်းစကလေးသေဆုံးမှုအများဆုံးနိုင်ငံ (အရှင် မွေး ၁၀၀၀ လျှင် ၆၁ ဒသမ ၈) နှင့်
အရှေ့တောင်အာရှ ၌ မိခင်သေဆုံးမှုအများဆုံး နိုင်ငံများထဲတွင် ရပ်တည်နေခဲ့သည်။
ပြည်သူ့ကျန်းမာရေး အခန်းကဏ္ဍတွင်
အဓိကမဏ္ဍိုင်နှစ်ခု
ယခုအခါတွင် ကိုယ်ဝန်ဆောင်နှင့် မွေးဖွား
မိခင်စောင့်ရှောက်မှုလုပ်ငန်း မွေးကင်းစကလေးမှ စ၍ အသက် ၅ နှစ်အောက် ကလေးများအား ကာကွယ် ဆေးထိုးနှံခြင်းအပါအဝင်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနတွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ၊
ပုဂ္ဂလိကပညာရှင်များ ပေါင်းစပ်၍ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့မှုကြောင့် မိခင်နှင့်
ကလေးသေဆုံးမှုများ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသည်ကို တွေ့ရှိရပေမည်။ ကူးစက်ရောဂါများ
ကာကွယ်ရေးအနေဖြင့်ကြည့်လျှင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ခြင်းကို အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သလို
အခြားကူးစက်ရောဂါများဖြစ်သည့် HIV/ AIDS ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ၊
ငှက်ဖျားရောဂါကာကွယ်ကုသခြင်း လုပ်ငန်း များ၊ တီဘီရောဂါကာကွယ်ကုသခြင်း လုပ်ငန်းများကို
ကမ်ပိန်းများဖြင့် ဆောင်ရွက်လျက်ရှိသလို ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သည့်
ပိုလီယိုရောဂါ၊ ဝက်သက်ရောဂါများကိုလည်း ကာကွယ်တားဆီးရေး ဆောင်ရွက်လျက်ရှိသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင်
မကူးစက်နိုင်သည့်ရောဂါ (Non-Com-municable
Diseases- NCDs) သည်လည်း အလေးထားဆောင်ရွက်ရမည့် အခန်းကဏ္ဍဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူးစက်ရောဂါများသည်လည်း ကင်းစင်ပပျောက်
ခြင်းမရှိသေးဘဲ မကူးစက်သောရောဂါများသည်လည်း ခေါင်းထောင်လျက်ရှိရာ
တစ်ပူပေါ်နှစ်ပူဆင့် (Double
Burden of Diseases) အခြေအနေတွင် ရှိနေပေသည်။ သို့ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေး
အခန်းကဏ္ဍတွင် အဓိကမဏ္ဍိုင်နှစ်ခုဖြစ်သည့် ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း (Promotive) နှင့်
ရောဂါမဖြစ်ပွားခင် ကြိုတင်ကာကွယ်ခြင်း (Pre-ventive) ကိစ္စရပ်များအပေါ် အားထည့်ဆောင်ရွက် ရန်
လိုအပ်လှပေသည်။ ထို့အပြင် ပြည်သူများ၏ ကျန်းမာရေးအသိပညာရေချိန် (Health Literacy Status) မြင့်မားလာရေးအတွက်လည်း
အလေးထားဆောင်ရွက်ရန် လိုအပ်လှပေသည်။
သို့ဖြစ်ရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်နှင့်
၇ ရက်တို့တွင် ကျင်းပမည့် မြန်မာနိုင်ငံ ပြည်သူ့
ကျန်းမာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) သည် ပြည်သူ့ကျန်းမာရေးအတွက်
တစ်ကမ္ဘာလုံးဆိုင်ရာနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအတွက် လည်းကောင်း၊
မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင်လည်းကောင်း ဆောင်ရွက်နေသည့် အကောင်းဆုံး
အလေ့အကျင့်များနှင့် သင်ခန်းစာများကို မျှဝေရန်၊ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင် (SDGs)ကို ပြည့်မီစေရန် အကောင်အထည်ဖော်ရေးကို ရည်ရွယ်၍
အဓိကကျသော ပြည်သူ့ ကျန်းမာရေးပြဿနာများကို အောင်မြင်စွာဖြေရှင်းနိုင်သည့်
နည်းလမ်းများ၊ အထောက်အထားများ၊ အကောင်းဆုံးအလေ့အကျင့်များနှင့် စိန်ခေါ်မှုများ
ကို ဖလှယ်ခြင်းဖြင့် အနာဂတ်ပြည်သူ့ကျန်းမာရေး ခေါင်းဆောင်များကို ပံ့ပိုးပြုစုပျိုးထောင်ပေးရန်၊
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်း လွှမ်းခြုံမှု၊ အရည်အသွေးသာတူညီမျှမှုတို့ကို
မြှင့်တင်ရန်အတွက် တီထွင်ဆန်းသစ်သည့် နည်း ပညာနှင့် နည်းလမ်းများကို
ဆွေးနွေးဖော်ထုတ်ရန်၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို
ဖန်တီးတည်ဆောက်ခြင်းဖြင့် ရည်မှန်းချက်တူညီသော အဖွဲ့အစည်းများအကြား
ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်ရည်ရွယ်ချက်ထား ကျင်းပခြင်းဖြစ်သည်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ
နယ်ပယ်ပေါင်းစုံမှ တတ်သိကျွမ်းကျင်ပညာရှင်များ၏ အသိပညာ မျှဝေမှုများနှင့်
အပြန်အလှန်ဆွေးနွေးမှုများမှ ရရှိလာမည့်ရလဒ်များသည် မြန်မာနိုင်ငံ၏ ပြည်သူ့
ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာလာစေရန် တည်ဆောက်၍ တစ်မျိုးသားလုံး
သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးအတွက် အထောက်အကူဖြစ်စေမည်
ဖြစ်ပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူတစ်ရပ်လုံး သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေး၊
ရောဂါဘယကင်းဝေးစေရေးအတွက် ဦးတည်ချက်ထားပြီး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်မှုများအပေါ်
ဤ “မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ” က ကြီးမားသည့်
အထောက်အပံ့ကောင်းတစ်ခုဖြစ်စေမည်ဟု လေးလေးနက်နက် ယုံကြည်မိပါကြောင်း
ရေးသားတင်ပြအပ်ပါသည်။
No comments:
Post a Comment