အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသည့် နေ့ရက်တစ်ရက်ဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့တို့လက်အောက် ကျရောက်စဉ် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ရာမှ အမျိုးသားရေး နိုးကြားတက်ကြွမှု ဖြစ်လာစေသည့် အမျိုးသားနေ့သည် မြန်မာနိုင်ငံအတွက် နှစ်ပေါင်းတစ်ရာကျော်သည့် ယနေ့ထိတိုင် အရေးပါနေဆဲဖြစ်သည်။
အမျိုးသားနေ့ကို မမေ့မလျော့ရှိ
နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်သည့်
အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် ဤနေ့ ဤရက်ရောက်တိုင်း နိုင်ငံတစ်ဝန်း
ကျင်းပလာခဲ့သည်မှာ အမျိုးသားရေး စိတ်ဓာတ်နိုးကြား ထက်သန်နေကြောင်းနှင့်
အမျိုးသားနေ့ကို မမေ့မလျော့ရှိနေကြောင်း ညွှန်းဆိုနေခြင်းဖြစ်ပါသည်။
ရှေးပညာရှိများ ဆိုမိန့်ခဲ့သည့်
အားတကာ့အားတွင် ပညာအားသည် အကြီးဆုံး၊ အမြတ်ဆုံးဖြစ်သည် ဟူသော စကားနှင့်အညီ သမိုင်းဦးဘုံမြေခေတ်မှသည်
ခေတ်အဆက်ဆက် တိုးတက်ဖွံ့ဖြိုးလာမှုများ၊ ကျောက်လက်နက်ပစ္စည်း ကိုင်တွယ်သုံးစွဲမှုမှသည်
အဏုမြူ လက်နက်ပစ္စည်း ကိုင်တွယ်သုံးစွဲမှုအထိ တိုးတက်မှုများ၊ မြေကြီးပေါ်မှသည်
အာကာသသို့ စတင်ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းနှင့် အာကာသကို အောင်နိုင်ရန်
ကြိုးပမ်းမှုများသည် လူ့ဘောင်ကို တည်ထောင်ဖန်တီးရာတွင် ပဓာန ဖြစ်သော လူတို့၏
ပညာအားကြောင့်ပင် ဖြစ်သည်။
အမျိုးသားပညာ သင်ကြားရေးစနစ်
မြန်မာတိုင်းရင်းသားတို့၏ သမိုင်းကြောင်းကို
ပြန်ပြောင်းကြည့်မည်ဆိုပါက သရေခေတ္တရာခေတ်၊ ပုဂံခေတ်တို့မှစ၍ ကုန်းဘောင်ခေတ် အလယ်ပိုင်းကာလတိုင်အောင်
အမျိုးသားပညာသင်ကြား ရေးစနစ် ခိုင်မြဲတည်ရှိခဲ့ကြောင်း တွေ့ရပေသည်။ ဤသို့သော အမျိုးသားပညာ
သင်ကြားရေး ကျောထောက်နောက်ခံဖြင့် မြန်မာတိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက်ကို ထူထောင်ခဲ့ကြပေ
သည်။ ကုန်းဘောင်မင်းဆက်နောက်ပိုင်း မင်းတုန်းမင်း၊ ကနောင်မင်းနှင့် သီပေါ
မင်းတို့လက်ထက်တွင်မူ ခေတ်မီနိုင်ငံထူထောင်ရန်အတွက် အနောက်ဥရောပနိုင်ငံများသို့
စက်မှုပညာသင်၊ စစ်ပညာ သင်များ စေလွှတ်ခဲ့သည်။ စက်မှုလက်မှုလုပ်ငန်းများ
ထူထောင်ခြင်းနှင့် ခေတ်မီ တပ်မတော်များဖွဲ့စည်းရန် ကြိုးပမ်းခြင်းတို့သည်
ထိုခေတ်အခါက ပညာရေးကို အားပေးမြှင့်တင်ခဲ့ကြသည့် သမိုင်းများဖြစ်ပေသည်။
ဤကဲ့သို့ ကိုယ့်ထီး၊ ကိုယ့်နန်း၊
ကိုယ့်ကြငှန်းဖြင့် မြန်မာနိုင်ငံတော်အဖြစ် အစဉ်တစိုက် ရပ်တည်နေထိုင်
ကြိုးပမ်းအားထုတ်ခဲ့မှုများသည် နယ်ချဲ့အင်္ဂလိပ်တို့၏ မတရားကျူးကျော်စစ်
သုံးကြိမ်အပြီး၌ တစ်မျိုးသားလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ချိန်တွင်
ကွယ်ပျောက်ခဲ့ရပေသည်။
နယ်ချဲ့ဗြိတိသျှတို့ ပေးခဲ့သော
ကျွန်ပညာရေး
နယ်ချဲ့တို့သည် မြန်မာတို့အား
နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ်ရုံမျှမက အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှုများကိုလည်း
ဖျက်ဆီးခဲ့ကြသည်။ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်များ၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသား
ပညာရေး၊ အတွေးအခေါ်များနေရာတွင် ကိုလိုနီစရိုက်၊ ပညာရေးတို့ကို စနစ်တကျ
ကြံစည်အားထုတ်အကောင်အထည်ဖော် သွတ်သွင်းခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ထိုစဉ်အခါက နယ်ချဲ့ဗြိတိသျှတို့
ပေးခဲ့သောပညာရေးမှာ ကျွန်စနစ်၊ ကျွန် ပညာရေးသာဖြစ်သည်။ ၎င်းတို့၏
ပညာရေးစနစ်အောက်တွင် သေးသိမ်ညံ့ဖျင်းသော အတွေးအခေါ်များ၊ အယူအဆများ၊
၎င်းတို့ဩဇာခံမည့် ကျွန်စိတ်များကို သင်ကြားခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်
အသက်ဝင်လာမှုနှင့်အတူ မြန်မာတို့၏ အမျိုးသားပညာရေး နိမ့်ကျသွားခဲ့ရပြီး
မြန်မာ့လူ့ဘောင်ထူထောင်မှု အရှိန် အဟုန်မှာလည်း ကျဆင်းသွားခဲ့ရသည်။
အမျိုးသားနေ့ ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းကို
မြန်မာနိုင်ငံသားတိုင်းလိုလို သိရှိကြပြီးဖြစ်သည်။ အမျိုးသားနေ့အကြောင်းကို ကျောင်းသားဘဝကပင်
သင်ကြားခဲ့ကြရသည်။ အမျိုးသားနေ့ဟုဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊
တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဖြစ်စဉ်တို့နှင့် တွဲလျက်သိရှိခဲ့ရသည်။
တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်
ဝံသာနုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့်
ဂျီစီဘီအေအသင်းကြီးက ဝံသာနုလှုပ်ရှားမှုအနေဖြင့် အမျိုးသားနေ့သတ်မှတ်ရန် စတင်ကြိုးပမ်းခဲ့ရာမှ
အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အမျိုးသားနေ့ကျင်းပရခြင်း
ရည်ရွယ်ချက်မှာ အမျိုးသားရေး စိတ်ဓာတ်များ တိုးမြင့်လာစေရန်ဖြစ်ပါ သည်။ ထိုစဉ်ကာလက
မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက် ကျရောက်နေစဉ်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့်
လွတ်လပ်ရေးရရှိရန်အတွက် တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များ လိုအပ်နေသည့်အချိန်ဖြစ်ပါသည်။
ထိုသို့သောအချိန်တွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်တို့အား
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြု၍ သပိတ်မှောက်ဆန့်ကျင်ခဲ့ကြပါသည်။
၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည်
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ ကန့်ကွက်သပိတ်မှောက်သည့်နေ့ ဖြစ်သည်။
ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်ကျောင်းသားများ ဦးဆောင်၍ ၁၉၂၀ ပြည့်နှစ်
တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့် သပိတ်ဖြစ်သည်။ ယင်းဥပဒေမပြဋ္ဌာန်းမီ မြန်မာနိုင်ငံ၌
ရှိနေသော ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏
လက်အောက်ခံများ ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် သီးသန့်တက္ကသိုလ်တစ်ခု တည်ထောင်ပေးရန်
မြန်မာတိုင်းရင်းသားတို့က မကြာခဏတောင်းဆိုခဲ့ကြသည်။ ဤသို့ဖြင့်
ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် နှစ်ခုပေါင်း၍ ရန်ကုန်တက္ကသိုလ်အဖြစ်
တိုးမြှင့်ပေးသည့် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ဥပဒေ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကို ပြည်သူလူထုက ဝေဖန်နိုင်ရန်
၁၉၂၀ ပြည့်နှစ် ဇွန်လတွင် တိုင်းပြည်သို့ ကြေညာခဲ့သည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည်
မလွှဲမရှောင်သာ၍ သီးခြားတက္ကသိုလ် တည်ထောင်ပေးရသောကြောင့် တက္ကသိုလ်ဥပဒေတွင်
အထက်တန်းပညာရေးကို ကန့်သတ် ချုပ်ချယ်ထားသည့် အချက်များကို ထည့်သွင်းသည်။ ယင်းတက္ကသိုလ်ပညာရေးဥပဒေကြမ်းအရ
ဆိုပါက မြန်မာနိုင်ငံသားများ ကျောင်းတက်ခွင့် ရရန် အလှမ်းဝေးလှသည်။
ယင်းသို့ သပိတ်မှောက်တော်လှန်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်နေ့ကို တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့်
၁၉၂၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေအထူးကွန်ဖရင့်က
အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အမျိုးသားနေ့ သတ်မှတ်ခဲ့သည့် ၁၉၂၂
ခုနှစ်မှစ၍ အမျိုးသားနေ့အောင်ပွဲနေ့များကို နှစ်စဉ်ကျင်းပခဲ့ကြပါသည်။
ထိုဥပဒေမှာ ငွေကုန်ကြေးကျခံနိုင်သော
မြေရှင်၊ ဓနရှင်လူတန်းစားများ၏ အဆက်အနွယ်များသာ အကျိုးရှိနိုင်သော ပညာရေးဥပဒေဖြစ်သည်။
၎င်း ဥပဒေအရ ထိုခေတ်က သုံးစွဲသောငွေ တစ်နှစ်လျှင် အနည်းဆုံး ၆၀၀ သို့မဟုတ်
တစ်လပျမ်းမျှ ကျပ် ၅၀ ကျော် အကုန် အကျခံနိုင်ရမည်ဖြစ်သည်။ ထိုစဉ်က
စာရေးကြီးတစ်ယောက်၏ လစာမှာ ကျပ် ၃၀ မျှသာ ရရှိသည်။
အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးလစာမှာ ၁၂ ကျပ်ဖြစ်ပြီး
အမြင့်ဆုံး လစာမှာ ၇၅ ကျပ်ဖြစ်၍ ပျမ်းမျှခြင်း အားဖြင့် ကျပ် ၂၀ မျှသာ
ရရှိနေကြသည်။ သာမန်ဝန်ထမ်းမိသားစုများအဖို့ တက္ကသိုလ်တက်ရောက်ရန် အိပ်မက်ပင်မက်၍ မရနိုင်သည့်အခြေအနေ
ဖြစ်သည်။ တက္ကသိုလ်ပညာကို လူတိုင်းသင်ယူခွင့်မရရှိနိုင်အောင် ကန့်သတ်ချုပ်ချယ်ထားသည့်
အနှစ်သာရအားဖြင့် အမျိုးသားရေး အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိသည့်အပြင်
မြန်မာလူမျိုးတို့၏ အမျိုးသားရေးစရိုက် လက္ခဏာများ၊ အမျိုးသားရေးအားမာန်များနှင့်
ဇာတိသွေး၊ ဇာတိမာန်စိတ်များ တိမ်ကောပပျောက်သွားစေရန်အလို့ငှာ စီမံဖန်တီးထားခြင်းသာ
ဖြစ်ပေသည်။
၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့၊
ယူနီဗာစီတီ အက်ဥပဒေကို ကျောင်းသားများ ကန့်ကွက်သပိတ်မှောက်သည့်နေ့၊
အမျိုးသားရေးစိတ်ဓာတ်ဖြင့် အောင်ပွဲရရှိစေရန် သန္ဓေတည်ခဲ့သည့်နေ့သည်
မြန်မာတစ်ပြည်လုံး လုံးဝလွတ်လပ်အောင်၊ အချုပ်အခြာအာဏာပိုင်သည့်
ပြည်ထောင်စုကြီးအတွင်း လွတ်လွတ်လပ်လပ်၊ သိက္ခာရှိရှိ ရပ်တည်နေထိုင် ခွင့်ရရှိအောင်
ဖော်ဆောင်ပေးနိုင်ခဲ့သည့် နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်။
မြန်မာစာသည်တို့စာ၊ မြန်မာစကားသည် တို့စကား၊
တို့ပြည်ကိုချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါဟူသော
ကြွေးကြော်သံနှင့်အညီ မြန်မာဘာသာဖြင့် သင်ကြားရေးမဏ္ဍိုင်ပြုပြီး
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ်များကို မြန်မာဘာသာပြန်ဆို ပြဋ္ဌာန်းရန်၊
တိုင်းပြည်ကြီးပွား တိုးတက်မည့် ပညာများသင်ကြားရန်၊ မြန်မာ့ ယဉ်ကျေးမှုကို
ပြုစုပျိုးထောင်ပေးရန်နှင့် အမျိုးသားစိတ်ဓာတ် နိုးကြားလာစေရန်
ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားကျောင်းများ ဖြစ်မြောက်လာစေရန်
တွန်းအားပေးခဲ့သော တန်ဆောင် မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း
ဖြစ်သည်။
ယနေ့ တိုင်းရင်းသားပြည်သူများ၏ တာဝန်မှာ
နိုင်ငံတော်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
အားကြိုးမာန်တက် ဆောင်ရွက်ကြရန်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ
အကောင်အထည် ပေါ်လာမည်ဖြစ်သည်။
ဤသို့ဖြင့် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများနှင့်အညီ
တိုင်းချစ်ပြည်ချစ်စိတ်ရှိသော အသိပညာရှင်၊ အတတ် ပညာရှင်များ၊ နိုင်ငံဝန်ထမ်းများ၊
ကျောင်းသား ကျောင်းသူများအပြင် တိုင်းရင်းသား လုပ်သားပြည်သူတစ်ရပ်လုံး စုပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့်
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသားရေးစိတ်ဓာတ်များ
နိုးကြားတက်ကြွစေခဲ့သော မြန်မာတစ်မျိုးသားလုံး၏ မမေ့သင့်၊ မမေ့အပ်သော နေ့ထူး
နေ့မြတ်ဖြစ်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။
။
No comments:
Post a Comment