ရန်ကုန် ဒီဇင်ဘာ ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော တိပိဋကဓရတိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ပရိတ်တရားတော်များကို နာယူ
အခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာ စာရာဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့နယ် မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝင်ရောက်ပြန်ဆိုဖြေဆိုတော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်တို့အား ဆွမ်းစသောအာမိသာနုဂ္ဂဟဖြင့် လှူဒါန်းထောက်ပံ့ကြသည့် နိုင်ငံတော်အစိုးရအမှူးပြုသော ဒါယကာ ဒါယိကာမ အပေါင်းတို့သည်လည်း သာသနံ ပုညဝန္တဿပုညဝန္တဝ လဗ္ဘရေဟူသော ဩဝါဒဒေသနာတော်အရ ရှေးကပြုဖန်ဘုန်းကံ ကြီးမားကြသူများဖြစ်ကြပြီး ထိုဘုန်းကံကြီးမားကြသော ရဟန်းရှင်လူတို့သည် ဖြူစင်သည့် စိတ်ဇွဲဖြင့် အချင်းချင်းအမှီသဟဲပြု၍ သာသနာတော်မြတ်ကြီးကို အာမိသာနုဂ္ဂဟဖြင့် စောင့်ရှောက်ချီးမြှောက်သွားပါက သာသနာတော်အရှည်ခန့်တည်တံ့ပြီး ဆရာတကာ နှစ်ဖြာလုံးမှာလည်း သံသရာဆုံးရာ နိဗ္ဗာန်တိုင်ထိသမ္ပတ္တိအကျိုး ဖွံ့ဖြိုးပြည့်စုံမည်ဖြစ်ကြောင်း သာရဏီယသြဝါဒကထာကို မြွတ်ကြားသည်။
သာသနာရေးဆိုင်ရာများကို လျှောက်ထား
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေပွဲကြီးသည် မြတ်စွာဘုရား၏ နှုတ်တော်ထွက် မုခပါဌ် ဝိမုတ္တိရသတရားတော်များကို အလေးအမြတ်ပြုသောအားဖြင့် ရဟန်းသာမဏေတို့သာ ဖြေဆိုခွင့်ပြုခြင်းအာဂုံပြန်နှင့် သဘောရေးဖြေနှစ်ဆင့်ဖြေဆိုရခြင်း စာမေးပွဲကာလကို ၃၃ ရက်တိုင် ရက်ရှည်ကျင်းပခြင်းစသည့် စည်းကမ်းများသည် အရှင်မြတ်တို့၏ သဒ္ဓါ၊ ဝီရိယ၊ သမာဓိတို့နှင့် ပြည့်စုံပြီး ဉာဏ်ကျက်စားရာစာမေးပွဲကြီးဖြစ်ပါကြောင်း၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ကျင်းပခဲ့သည့် ၇၅ နှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ် ၁၅ ပါးနှင့် ပိဋကသုံးပုံအာဂုံဆောင် တိပိဋကဓရ သာသနာ့အာဇာနည်အရှင်မြတ် ခုနစ်ပါးထွက်ပေါ်ခဲ့သည်မှာ ကမ္ဘာအရပ်ရပ်၌ တွေ့ရှိရန်ခဲယဉ်းသော ဤစာမေးပွဲ၏ ထူးခြားမှုတစ်ရပ်ပင်ဖြစ်ပါကြောင်း သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တ ကေသရာဘိဝံသအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် သံဃာတော်များအား တစ်ပါးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် အလှူငွေကျပ် သိန်း ၁၈၀(၁)သောင်းကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် တိပိဋကဓရတိပိဋက ကောဝိဒ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ စာပြန်သံဃာနှင့် သဘောရေးဖြေသံဃာတော်များအတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့တွင် ဆွမ်းအလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က (၅) ကြိမ်မြောက် အရုဏ်ဆွမ်း/နေ့ဆွမ်းများကို လှူဒါန်းကြသည်။
စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆို
ယနေ့စတင်ကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ရှိ ဟံသာသီရိ ကုန်းမြေတွင် ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များ ပြင်ဆင်ဆောင်ရွက်နေသည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဟံသာသီရိကုန်းမြေ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ (၇၆)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရတိပိဋကကောဝိဒသြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
သတင်းစဉ်
No comments:
Post a Comment