နေပြည်တော် ဒီဇင်ဘာ ၂၆
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် စာပေဌာနနှင့်လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အလေးပြုခြင်းကို ခံယူ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက သင်တန်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၈)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ နန်းနွယ်နွယ်အေး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူသီရိပါဝါနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ အိမွန်ကျော်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
မိန့်ခွန်းပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ဒီနေ့သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၈)တို့၏ သင်တန်းဆင်းသည့်နေ့ဖြစ်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက်လည်း ကာကွယ်ရေးစွမ်းအားစုတစ်ရပ် အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်ကြောင်း။ သင်တန်းကာလအတွင်းတွင် “သူရ၊ ပညာ၊ ကျွမ်းကျင်” ဆိုသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ စစ်ပညာနှင့် ဆေးဘက်ပညာရပ်များကို ကဏ္ဍအလိုက် နားလည်တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် ယနေ့အပါအဝင် သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြားရေးဘွဲ့လွန် ဒီပလိုမာဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာသိပ္ပံဘွဲ့ရရှိသူ စုစုပေါင်း ၅၄၂၄ ဦးကို “ကျွမ်းကျင်ကူညီ ဆေးစစ်သည်”များအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း ကျရာနေရာအသီးသီးတွင် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်ကြောင်း။
လေ့ကျင့်သင်ကြားပေး
နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာရေး ဝန်ထမ်းများဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် လုံလောက်သော အရည်အချင်းများနှင့် ပြည့်ဝနေရန်လိုအပ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆရာဝန်များသာမက သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာကျွမ်းကျင်သူများသည်လည်း အရေးကြီးသော အင်အားစုကြီးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့် ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်နေသည့် ကျန်းမာရေးဆိုင်ရာပညာရပ်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။
ထို့အပြင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများကို အမြဲမပြတ်လေ့လာပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ သင်ရိုး ညွှန်းတမ်းအသစ်ကို ၂၀၁၆ ခုနှစ် က စတင်ပြီး ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သင်ရိုးညွှန်းတမ်းအသစ်ကို အတည်ပြုပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်က အစပြု၍ သင်ကြားပို့ချပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့သင်တန်းဆင်းသည့် သူများသည် သင်ရိုးညွှန်းတမ်းအသစ်နှင့် ပထမဦးဆုံး လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် သူများပင်ဖြစ်ကြောင်း။
အထောက်အကူပြုပေး
သူနာပြုနှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရေး လုပ်ငန်းစဉ်များသည် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပြီး တပ်မတော်၏ ကာကွယ်ရေးစွမ်းအား မြင့်မားစေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးလျက်ရှိကြောင်း၊ သူနာပြုတပ်ဖွဲ့ဝင်များသည် ပြုစုကုသမှုဆိုင်ရာ ညွှန်ကြားချက်အရ လူနာတစ်ဦးချင်းစီကို လိုအပ်သော ပြုစုမှုများပေးရသလို ဆေးကုသမှုတွင် အသုံးပြုရသည့် ဆေးပစ္စည်းကိရိယာများနှင့် စက်ပစ္စည်းများကို လုပ်ငန်းစဉ်မပျက် အမြဲအသုံးပြုနိုင်သည့်အခြေအနေ တစ်ရပ်တွင်ရှိနေအောင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးရ ကြောင်း၊ ထို့ကြောင့် သူနာပြုသင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်ရောက်ရှိသည့် အခါ သင်ကြားပေးလိုက်သည့် သူနာပြုစုမှုနည်းစနစ်များ၊ ဆေးပစ္စည်းကိရိယာ ကိုင်တွယ်အသုံးပြုမှုများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန် အမြဲသတိရှိရန် လိုအပ်သကဲ့သို့ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် သူနာပြုနည်းစနစ်များနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများအကြောင်းကိုလည်း စဉ်ဆက်မပြတ် လေ့လာသွားကြရမည်ဖြစ်ကြောင်း။
တာဝန်ကျေပွန်အောင် ထမ်းဆောင်
အခြေခံ သူနာပြုကောင်းတစ်ဦးအတွက် အရေးကြီးဆုံးသည် သူနာပြုစိတ်ဓာတ် (The Sprit of Nursing) ခိုင်မာရှင်သန် နေရန်ပင်ဖြစ်ကြောင်း၊ အခြေခံသူနာပြုစိတ်ဓာတ်ဖြစ်သည့် သနားကြင်နာတတ်မှု၊ ကိုယ်ချင်းစာတတ်မှု၊ ခံနိုင်ရည်ရှိမှု၊ ရိုးသားမှုနှင့် အနစ်နာခံတတ်မှု စသည့်အချက်များနှင့် ပြည့်စုံနေပါက မည်သည့်နေရာဒေသတွင် မည်သည့်တာဝန်ကိုမဆို ကျေပွန်အောင် ထမ်းဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ သူနာပြုကောင်းတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များသည် လူနာအတွက် ဝေဒနာတစ်ဝက် သက်သာစေခြင်းဖြစ်၍ မိတ်ဆွေကဲ့သို့ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်း စသည့် သူနာပြုတစ်ယောက် ကျင့်ကြံနေထိုင်ရမည့် အချက်များနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်လည်း လိုအပ်ကြောင်း၊ သူနာပြုလုပ်ငန်းသည် ကျန်းမာရေးကဏ္ဍအတွက် အခြေခံအကျဆုံးနှင့် အရေးပါဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ခြင်းကြောင့် မိမိတို့ထမ်းဆောင်နေရသည့် တာဝန်အပေါ်တွင် ပေါ့ပေါ့ဆဆ သဘောမျိုးမထားဘဲ “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ သူနာပြုကျင့်ဝတ်နှင့် သူနာပြုစိတ်ထားများ ရှင်သန်ကိန်းအောင်းနေအောင် ပြုကျင့်နေထိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ သင်တန်းသား၊ သင်တန်းသူများသည်လည်း အမိတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး ဆေးရုံဆေးတပ်ဖွဲ့များတွင် တာဝန်အသီးသီးကို ထမ်းဆောင်သွားကြရတော့မည်ဖြစ်ကြောင်း၊ ဆေးဝါးကျွမ်းကျင်သူများအနေနှင့် လူသားတို့ ၏ ကျန်းမာရေးအတွက် အသုံးဝင်နိုင်သည့် သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုများ၏ မည်သည့်အစိတ်အပိုင်းများက အသုံးဝင်နိုင်ကြောင်းကို လေ့လာနေကြရမည်ဖြစ်ကြောင်း၊ နွယ်မြက်သစ်ပင်များ၏ သဘာဝပစ္စည်း၊ ဓာတ်ပစ္စည်း၊ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများကတစ်ဆင့် ဆေးဝါးဆိုင်ရာအာနိသင်များကို လူသားတို့အသုံးပြုနိုင်ရန် ရှာဖွေဖော်စပ်နေကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဖော်စပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများအကြောင်းကို နားလည်ရမည့်အပြင် ကျွမ်းကျင် ပိုင်နိုင်စွာအသုံးပြုတတ်ရန်လည်း လိုအပ်ကြောင်း၊ ဆေးဝါးများကိုထိန်းသိမ်းခြင်း၊ လူနာလက်ဝယ်သို့ မပျက်မစီး မှန်မှန်ကန်ကန်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းတို့သည်လည်း ဆေးဝါးကျွမ်းကျင်သူများ လုပ်ငန်းတာဝန်များပင်ဖြစ်ကြောင်း။
မှတ်တမ်းကောင်းရေးထိုး
အနောက်တိုင်း ဆေးပညာပိုင်းတွင်သာမက တိုင်းရင်းဆေးပညာရပ်ပိုင်းတွင်လည်း ကျွမ်းဝင် နှံ့စပ်သူများဖြစ်အောင် ကျင့်ကြံအားထုတ်ပြီး တပ်မတော်သားမိသားစုများနှင့် ပြည်သူလူထုအပေါ် ကျန်းမာရေးအသိပညာ ဖြန့်ဝေပေးခြင်း၊ ဆေးအကာအကွယ်ပေးခြင်း စသည့်ပြုစုကုသခြင်းများနှင့် အလုပ်အကျွေးပြုစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် ဆေးဝါးနှင့်အထောက်အကူပြုပစ္စည်း ကိရိယာများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ နေရာတကျအသုံးပြုတတ်ကြရမည်ဖြစ်သကဲ့သို့ အချိန်အခါနှင့် နေရာဒေသပေါ်မူတည်ပြီး တိုင်းရင်းဆေးပညာရပ်နှင့် ခေတ်သစ်ဆေး ပညာရပ်များကို လိုက်လျောညီထွေဖြစ်အောင် တွဲဖက်အသုံးပြုတတ်ရန်လိုကြောင်း၊ သို့မှသာ “ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန်” ဆိုသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကို စွမ်းဆောင်ရည်ပြည့်ဝစွာ ထမ်းရွက်သယ်ပိုးနိုင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ကောင်းများအဖြစ် မှတ်တမ်းကောင်းရေးထိုးနိုင်ကြမည်ဖြစ်ကြောင်း။
လေ့လာဆည်းပူး
အခြားဆေးဘက်ဆိုင်ရာပညာရှင်ဖြစ်သည့် ဓာတ်ခွဲနည်းပညာကျွမ်းကျင်သူများ၊ ဓာတ်မှန်ပုံရိပ်ဖော်ကျွမ်းကျင်သူများ၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ကျွမ်းကျင်သူများအနေဖြင့်လည်း မိမိတို့ အထူးပြုကျွမ်းကျင်ဘာသာရပ်အလိုက် လူနာများအပေါ်ကုသမှုပေးရာတွင် မှန်ကန်ထိရောက်မှုရှိသည့် စစ်ဆေးဖော်ထုတ်မှုများနှင့် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေးပြုစုစောင့်ရှောက်ကုသမှုများ ပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ တတ်ကျွမ်းထားသည့် အထူးပြုဘာသာရပ်အလိုက် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည့်အပြင် လူနာများ၏ ကောင်းကျိုးအတွက် အခြားသောဆေးပညာရပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ ပြီးပြည့်စုံသည့် ကုသမှုများပေးသွားကြရန် လိုအပ်ကြောင်း။
တာဝန်ကျရာနယ်မြေ ဒေသအသီးသီးကို ရောက်ရှိသွားချိန်တွင် တပ်မတော်သားများနှင့် မိသားစုဝင်များကိုသာမက ဒေသတွင်းပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် ခေတ်နှင့်အညီ ပြောင်းလဲနေသည့် ဆေးပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်ဖြစ်သည့် ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင်ပေးရေးနှင့် ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်များကို မေတ္တာစေတနာအရင်းခံပြီး နိုင်ငံ့သားကောင်းဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များပီပီ ကျောသား၊ ရင်သားမခွဲခြားဘဲ စိတ်ကောင်းစေတနာကောင်းများဖြင့် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်အပြင် လွတ်လပ်ရေးရပြီးကာလမှ ယနေ့အချိန်ထိ တိုင်းပြည်တာဝန်ကို ကျရာအခန်းကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပါအဝင် တပ်မတော်သားများနှင့် မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ သာမန်အချိန်များ၌သာမက သဘာဝဘေးအန္တရာယ်ကျရောက်သည့် အချိန်များတွင်ပါ ရှေ့တန်းက ပါဝင်ခဲ့ကြကြောင်း၊ တပ်မတော်စစ်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့်အပြင် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကိုလည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမိုတိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နယ်လှည့် အထူးဆေးကုသအဖွဲ့များသာမက သက်ဆိုင်ရာတိုင်စစ်ဌာနချုပ်များတွင် နယ်မြေခံဆေးကုသရေးအဖွဲ့များ ဖွဲ့စည်းကာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုပင်ဖြစ်
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ထမ်းဆောင်ကြရသည့် အဓိကတာဝန်သည် သူတစ်ပါးအသက်ကို အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ခြင်းကြောင့် မွန်မြတ်ဖြူစင်ပြီး ထူးကဲသည့် ကုသိုလ်အကျိုးကိုရရှိစေသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုပင်ဖြစ်ကြောင်း၊ စောင့်ရှောက်ကုသရမည့် လူနာများနှင့်ပတ်သက်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တိုင်း ပြုကျင့်ကြရမည့် ကျင့်ဝတ်၊ ရည်မှန်းချက်၊ တာဝန်များနှင့်အညီ ပြုစုကုသမှုပေးခြင်းသည် ဆေးဝန်ထမ်းကောင်းတစ်ဦး၏ စံပြလုပ်ရပ်ကို ဖော်ထုတ်ပြသခြင်းဖြစ်သကဲ့သို့ တပ်မတော်၏ အစဉ်အလာပြယုဂ်ကို ဖော်ညွှန်းမြှင့်တင်ပေးခြင်း လည်းဖြစ်ကြောင်း၊ ထို့ကြောင့် သူနာပြုအဓိဋ္ဌာန်များနှင့်အညီ ကတိသစ္စာပြုထားသည့်အတိုင်း ပြုမူကျင့်ကြံနေထိုင်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်ဒြပ်နှင့် တပ်မတော်အစဉ်အလာကို မြှင့်တင်နိုင်သည့် တပ်မတော်သူနာပြုကောင်းများအဖြစ် မှတ်တမ်းရေးထိုးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ရိုင်းပင်းကူညီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေစဉ် ကာလအတွင်းတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။ ထိုသို့ ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားအချင်းချင်း သွေးမကွဲဘဲ ပြည်ထောင်စုစိတ်ဓာတ်နှင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်အောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။ ထို့ကြောင့် မိမိတို့နိုင်ငံသည် ပကတိအရှိတရားအရ ပြည်ထောင်စုစနစ်နှင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျသကဲ့သို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရန်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည်လည်း အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးဖြစ်ကြောင်း။
တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် ပြည်သူလူထု၏အားကို အရင်းတည်ပြီး စုစည်းညီညွတ်သည့်အားနှင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ကာကွယ်စောင့်ရှောက်ရာတွင်လည်း သမိုင်းပေးသင်ခန်းစာများအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး မပြိုကွဲရအောင် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ အတွေးအခေါ်၊ အသိအမြင်၊ ယုံကြည်ချက်၊ ခံယူချက်များသည် ပြည်ထောင်စု စိတ်ဓာတ်အပေါ်တွင် အခြေခံနေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ကျရာဒေသအသီးသီးတွင် တိုင်းရင်းသား ပြည်သူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အလေးထားစည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
လေးစားလိုက်နာ
တပ်မတော်၏ အသက်သွေးကြောသည် စည်းကမ်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် အမိန့်နှင့် စည်းကမ်းကို မဏ္ဍိုင်ပြုထားသည့် တပ်မတော်၏ ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် နေထိုင်ရသည့်သူများဖြစ်သည့်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာနေကြရန်လိုကြောင်း၊ ထို့အပြင် တပ်မတော်သားများ ကျင့်ကြံလုပ်ဆောင်ရမည့် စစ်သည်တော် ကျင့်ဝတ်များကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်းလိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ စည်းကမ်းကောင်းမွန်ပြီး ကိုယ်ကျင့်တရားပြည့်ဝသည့် စစ်သည်တော်ကောင်းများ ဖြစ်လာမည်ဖြစ်ပြီး တပ်မတော်သည်လည်း စည်းကမ်းပြည့်ဝသည့် ပြည်သူများက ယုံကြည်ကိုးစားရသော တပ်မတော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း။
ဥပဒေများလေးစားလိုက်နာ
ထို့အပြင် တပ်မတော်သားဘဝကို မိမိတို့သဘောဆန္ဒအလျောက်ခံယူခဲ့ပြီးဖြစ်ခြင်းကြောင့် “ရဲဘော် အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်၏” ဆိုသည့် ရဲဘော်ရဲဘက်စိတ်ကိုအခြေခံပြီး ပေးအပ်လာသည့် မည်သည့်တာဝန်မျိုးကိုမဆို ကိုယ်ချင်းစာစိတ်ထားရှိကာ အေးအတူပူအမျှ ကျေပွန်စွာထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာနှင့် နယ်ဘက်ဆိုင်ရာ ဥပဒေများကိုလည်း လေးစားလိုက်နာပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်သည်နှင့်အညီ ဆေးဘက်ဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့် ကျင့်ဝတ်သိက္ခာများကိုပါ စောင့်ထိန်းလိုက်နာသွားရန်လိုကြောင်း။
စစ်သည်တော်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် အရေးအကြီးဆုံးအချက်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေအောင် စစ်သည်တစ်ဦးချင်းစီက ဖြည့်ဆည်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်သုံးရပ် ထက်မြက်ပြီး အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံအောင် နေထိုင်ပြုမူကျင့်ကြံကာ သူနာပြုများခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်း လိုက်နာသွားကြမည်ဆိုပါက နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ စစ်သည်တော်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း။
သူနာပြုကောင်းများဖြစ်အောင်
စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်နှင့် တပ်မတော်၏အစဉ်အလာကို စောင့်ထိန်းမြှင့်တင်နိုင်သည့် သူနာပြုကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်၊ “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ”ဆိုသည့် ဆောင်ပုဒ်ကို နှလုံးသွင်းပြီး သူနာပြုကောင်းတစ်ဦးတွင်ရှိရမည့် ကျင့်ဝတ်၊ အရည်အချင်းနှင့် သူနာပြု စိတ်ဓာတ်ပြည့်ဝ ထက်သန်သူများဖြစ်အောင် တည်ဆောက်သွားကြရန်၊ ထက်မြက်သည့် သူနာပြုနှင့် ဆေးဘက်ပညာ ကျွမ်းကျင်သူများ ဖြစ်စေရေးအတွက် ခေတ်မီသူနာပြုသိပ္ပံနှင့် ဆေးဘက်ပညာရပ်ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးသွားကြရန်၊ တာဝန်ကျရာ ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် အလေးထားစည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူစိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်း သူများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းသူနာပြုများ၊ ညစာစားပွဲ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ကြည့်ရှုအားပေး
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment