Wednesday, December 27, 2023

ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တိုက်ဖျက်ရေးဌာနခွဲ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

 


နေပြည်တော် ဒီဇင်ဘာ ၂၆

ကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြောကြား

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ယနေ့အစည်းအဝေးသည် ၂၀၂၃ ခုနှစ်အတွင်း ဗဟို/တိုင်းဒေသ ကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များအလိုက် ဆောင်ရွက်ခဲ့ကြသည့် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများဖြစ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ချီခန်ဂန်းညား အစရှိသည့် ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအခြေအနေ၊ တွေ့ကြုံ ခဲ့ရသည့် အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း Plasmodium falciparum ပိုးတွေ့သူ လုံးဝမရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျား ရောဂါကူးစက်မှုပပျောက်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဒေသဆိုင်ရာအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငှက်ဖျားပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆိုပါ လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်၌ လေးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment