Thursday, December 14, 2023

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

 

နေပြည်တော် ဒီဇင်ဘာ ၁၃

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူ ကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ဆုရရှိသူ များ၏ အတ္ထုပ္ပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အမျိုးသားစာပေ ယဉ်ကျေးမှု အမွေ” စာပေဆုနှင်းသဘင် ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “စာပေစွမ်း အားကလောင် အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ” မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။

အလွန်အဖိုးအနဂ္ဃထိုက်တန်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် “ဟေမန္တရတု” ဟု ခေါ်တွင်ခဲ့ကြသည့် ယခု နတ်တော်လရာသီသည် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် စာဆိုတော်များ ရေးဖွဲ့သီကုံးခဲ့သည့် စာပေ၏ အနှစ်သာရ၊ အဆီအနှစ်များကို ပြန်လည်လှစ်ဟဖော်ကျူး ဂုဏ်ပြုကြသည့် ကာလလည်းဖြစ်ပါကြောင်း၊ စာဆိုတော်များ၏ စေတနာကောင်းများမှ ဖြစ်ထွန်းပေါ်ပေါက် လာသည့် စာပေအဖူးအပွင့်များသည် လေ့လာ၍မကုန်နိုင်အောင် များပြားလွန်းလှပါကြောင်း၊ ယနေ့နိုင်ငံ ဖွံ့ဖြိုးမှုရ လဒ်များသည် စာပေကရသည့် အသိပညာ၊ အတတ်ပညာများက အများဆုံးရရှိခဲ့သော သက်သေများ ပင်ဖြစ်ပါကြောင်း၊ စာပေကပေးစွမ်းသည့် သုတ၊ ရသအဖုံဖုံတို့သည်လည်း အလွန်အဖိုးအနဂ္ဃ ထိုက်တန်ပါကြောင်း၊ ထို့ကြောင့် လူသားများအတွက် စာပေအသိအမြင်နှင့် ပညာဗဟုသုတများကို ပေးစွမ်းသည့်စာဆိုတော်ကြီးများ၏ ဂုဏ်ရည်ကို ဖော်ထုတ်ပြသသည့်အနေဖြင့် နတ်တော်လရာသီတွင် စာဆိုတော်နေ့ အခမ်းအနား များကို ကျင်းပကြခြင်းပင်ဖြစ်ပါကြောင်း။

ဆက်သွယ်ရေးကြားခံတစ်ခုလည်းဖြစ်

စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စသည့် အနုပညာနယ်ပယ်များဖြာထွက်ရာ ပင်ရင်းနယ်ပယ်ကြီးဖြစ်သည့်အတွက် အမျိုးသားယဉ်ကျေးမှု အစုစုတို့ ပုံရိပ်ထင်ရာ အရင်းအမြစ်လည်းဖြစ် ပါကြောင်း၊ မြန်မာ့သမိုင်း၊ မြန်မာ့ စိတ်ထားတို့ကို နိုင်ငံတကာသိအောင် ဖော်ပြနိုင်သည့် ဆက်သွယ်ရေးကြား ခံတစ်ခုလည်း ဖြစ်ပါကြောင်း။

စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ခဲ့

မြန်မာစာပေလောကသည် ရှည်လျားသည့် မြန်မာ့သမိုင်းကြောင်း အဆက်ဆက်တွင် ထွန်းပြောင် ခိုင်မြဲခဲ့ပြီး နိုင်ငံနှင့်ပြည်သူကို အစဉ်ထာဝရ အကျိုးပြု လျက်ရှိပါကြောင်း၊ စာဆိုတော်တို့၏ ကလောင်သွားများသည် မြန်မာနိုင်ငံသမိုင်းတွင် တိုင်းပြည်၏ စစ်မှန်သည့် ခွန်အားများဖြစ်ခဲ့ပါကြောင်း၊ စာဆိုတော်များသည် တိုင်းချစ်ပြည်ချစ်စိတ် ရှိစေရန်၊ ဇာတိသွေး ဇာတိမာန် တက်ကြွလာစေရန်၊ မြန်မာစာပေကို ချစ်မြတ်နိုးစေရန်၊ လောကဓံကို ကြံ့ကြံ့ခံနိုင်ရန် စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ခဲ့ကြပါကြောင်း။

ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ၏ အဆုံးအမပျို့ ကဗျာတွင် “စာပေဝတ္ထု ရတုကဗျာ ပျို့လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းငြင်းကို၊ မကင်းမပြတ် ဖတ်ရွတ်လေ့ကျက် တီးမှုတ်လျက်သာ နေကောင်း စွာ၏” ဆိုသကဲ့သို့ ခေတ်အဆက်ဆက် စာဆိုတော်ကြီးများ၏ စာပေ လက်ရာများသည် ဖတ်ရှုလေ့လာသူတို့အတွက် အမြဲအဖိုးတန် အကျိုးရှိနေသည့် အမွေအနှစ်များပင် ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင် တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာ ဗဟုသုတ တိုးပွားရန်အတွက် ဘာသာပြန်စာပေများ ထုတ်ဝေခဲ့သကဲ့သို့ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန် ကာလပေါ် ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ပါကြောင်း။

ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့

“စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို ‘စာပေ ဗိမာန်ဆု’၊ ‘အနုပညာဆိုင်ရာ စာပေဆု’ ၊ ‘အမျိုးသား စာပေဆု’ စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မည့် ဘာသာရပ် များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အထိဆိုပါက နှစ်ပေါင်း ၇၅ နှစ် စိန်ရတု ကာလတိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဘာသာရပ်များကိုလည်း တိုးမြှင့်သတ်မှတ်ပြီး ချီးမြှင့်လာခဲ့သည်မှာ အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုးနှင့် ‘စာပေဗိမာန်စာမူဆု’ တွင် ဘာသာရပ် ၁၃ မျိုး အထိ ဆုချီးမြှင့်ပေးလျက်ရှိပါကြောင်း။

အဆင့်သုံးဆင့်ဖြင့် ပညာရှင်များကစိစစ်ရွေးချယ်

ထို့ပြင်နိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့ကြသည့်၊ တစ်သက်တာလုံး စာပေကို တစိုက်မတ်မတ် အားထုတ်ရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီး များကိုလည်း အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်မှစပြီး နှစ်စဉ်ချီးမြှင့် ပေးအပ်လျက်ရှိပါကြောင်း၊ စာပေပညာရှင်များကို ချီးမြှင့်သည့် ဆုငွေများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ချီးမြှင့် နိုင်ခဲ့ပါကြောင်း၊ အမှန်တကယ် ထိုက်တန်သော စာအုပ်၊ စာမူများကို ရွေးချယ်ချီးမြှင့်နိုင် ရေးအတွက် ပဏာမရွေးချယ်မှုအဆင့်၊ ဆန်ခါတင်ရွေးချယ်မှု အဆင့်၊ အတည်ပြုရွေးချယ်မှုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ပညာရှင်များက စိစစ်ရွေးချယ်ခဲ့သည်ကို တွေ့ရပါကြောင်း။

၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့သည့် စာအုပ်ပေါင်း ၇၅၄ အုပ်ထဲမှ အမျိုးသားစာပေ ဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၁ မျိုးကို စိစစ်ရွေးချယ်ခဲ့နိုင်ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၇၇ ခုထဲမှ ဘာသာရပ် ၁၃ မျိုးစလုံးအတွက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၉ ခုကို ရွေးချယ်ခဲ့ပြီး ဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွား မည်ဖြစ်ပါကြောင်း။

မွေ့လျော်ရာစာပေနယ်ကို တိုးဝင်ရန်ကြိုးပမ်းလာ

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များကို ကြည့်မည် ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်တို့ ပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်ဖြင့် စာနာစိတ်ထားများ ပွားများ စေနိုင်သည့် ရသစာပေ များ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများနားလည်လွယ် အောင် ရေးသားထားသည့် သုတစာပေများကို စာပေအဆင့် အတန်းမီစွာ ရေးသားထား ကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါကြောင်း၊ ဆုရရှိကြသူများ ထဲတွင် နိုင်ငံသိစာရေးဆရာကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဝန်များ၊ တပ်မတော်သားများ၊ အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြသကဲ့သို့ ဝါသနာကိုအရင်းတည်ပြီး မွေ့လျော်ရာ စာပေနယ်ကို တိုးဝင်ရန် ကြိုးပမ်း လာကြသည့် စာပေဝါသနာရှင်များ ပါဝင်ကြသည်ကို တွေ့ရသည့်အတွက် လွန်စွာ ကျေနပ်အား ရမိပါကြောင်း။

အရေအတွက်တိုး၍ချီးမြှင့်လာခဲ့

အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ် ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ် အရေအတွက်တိုး၍ ချီးမြှင့်လာခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီးလေးဦးအထိ ချီးမြှင့်သွား မည်ဖြစ်ပြီး အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်ခံရသည့် ဆရာ၊ ဆရာမကြီးတို့ အားလုံးသည် ပညာ ဂုဏ်ရည်၊ စာပေဂုဏ်ရည်များ ပြည့်ဝကြသည့် ပညာရှင်ကြီးများ ဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာသန်းဦး ဆိုပါက မြန်မာနိုင်ငံပညာရေးလောက၏ ဦးသျှောင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံပညာရေးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုအသက် ၉၆ နှစ်တိုင် ဘဝတစ်လျှောက်လုံး ကြိုးပမ်းဆောင်ရွက်နေဆဲ ပညာရှင်ကြီးဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာချစ်စံ ဆိုပါကလည်း မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာပေသုတေသန လုပ်ငန်းများကို အစဉ်တစိုက်ရေးသားပြုစု ဟောပြောပေးခဲ့သည့် စာပေ ပညာရှင်ကြီးဖြစ်ပါကြောင်း၊ ဆရာမကြီး ဒေါ်ကြူကြူသင်း ဆိုပါကလည်း ရသစာပေကို တစိုက်မတ်မတ် ရေးသားပြုစုခဲ့ပြီး မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် စာရေးဆရာမကြီး ဖြစ်ပါကြောင်း၊ ဆရာကြီးဒေါက်တာထွန်းတင့် ဆိုပါကလည်း မြန်မာစာ၊ မြန်မာဘာသာစကားနယ်ပယ် ဖွံ့ဖြိုးတည်တံ့အောင် အစဉ်အဆက် ရေးသားပြုစုဖြန့်ဝေပေးခဲ့သည့် ပညာရှင်ကြီးဖြစ်ပါကြောင်း၊ အဆိုပါ ပညာရှင်ကြီးများအားလုံး ကို အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များအဖြစ် နိုင်ငံတော်ကထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက် သည်ကို ပြောကြားလိုပါကြောင်း။

ပညာနှင့်တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားရန် အထူးအရေးကြီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားများ၏ ပညာနှင့်တွေးခေါ် မြော်မြင်နိုင် စွမ်းမြင့်မားရန် အထူးအရေးကြီးလှပါ ကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံ၏ လူဦးရေအများဆုံး နေထိုင်သည့် ကျေးလက်ဒေသများတွင် ပညာရေး အားနည်းခဲ့ပါကြောင်း၊ ပညာရေးအားနည်းချက်နှင့်အတူ တွေးခေါ်မြော်မြင်မှုတွင် လိုအပ်ချက်များရှိခဲ့ ပါကြောင်း၊ အဆိုပါလိုအပ်ချက်များကို ပြုပြင်ရန် ဘက်စုံပညာရေးစနစ်နှင့် စာမတတ်သူပပျောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့် အညီ တွေးခေါ်မြော်မြင်မှုများ တိုးတက်အောင် လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံဒေသအနှံ့ အပြားတွင် စာအုပ်စာပေများကို လက်လှမ်းမီစွာရရှိရန်၊ စာပေကို ဖတ်ရှုလေ့လာကြရန် တက်ရောက်လာ ကြသည့် စာပေပညာရှင်များနှင့် မြန်မာစာပေနယ်မှ စာပေရေးသားပြုစုသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူများ၊ စာကြည့်တိုက်များနှင့် စေတနာရှင်များက ဝိုင်းဝန်းကူညီကြရန် အထူးပင် မေတ္တာရပ်ခံလို ပါကြောင်း။

နိုင်ငံသားအားလုံး၏တာဝန်ဖြစ်

စာပေသည် လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါ ကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ် ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ပြီးစာပေမြင့်မှ လူမျိုးတင့်မည် ပင်ဖြစ်ပါကြောင်း၊ စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းနှင့် အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေး ပါကြောင်း၊ “ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့် သတိပေးဆိုရိုးစကား အတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှု မပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း။

ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ စာပေဆုများ အောင်မြင်စွာချီးမြှင့်နိုင်အောင် စာပေစေတနာအပြည့်အဝနှင့် ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသားစာ ပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ပညာရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အမျိုးဘာသာ၊ သာသနာကောင်းကျိုးကိုသယ်ပိုး ဆောင်ရွက်နိုင်ကြပြီး နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် စာကောင်းပေမွန်များ ဆက်လက်ရေးသား ဖွဲ့ဆိုနိုင်ကြပါရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ၂၀၂၂ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာ ထွန်းတင့်-မြန်မာစာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ စာပေပညာရှင် ဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း) ကိုယ်စား သန်းဦးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးအေးကြိုင်တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဦးမောင် မောင်အုန်းတို့က အမျိုးသားစာပေဆု ရရှိသူများနှင့် စာပေဗိမာန်စာမူဆု ရရှိသူများကို ဆုများပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသားစာပေတစ်သက်တာ ဆုရှင်ဆရာကြီး ဒေါက်တာထွန်းတင့် (မြန်မာစာ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီး ဒေါက်တာ သန်းဦး (ပြည်စိုးမင်း) က ပေးပို့သည့် ကျေးဇူးတင်လွှာကို အခမ်းအနားမှူးက ဖတ်ကြားတင်ပြသည်။

သီဆိုကပြဖျော်ဖြေ

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက စာပေဂုဏ်ပြုတေးသီချင်းဖြင့် သီဆို ကပြဖျော် ဖြေကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေ ဆုနှင့် စာပေဗိမာန်စာမူဆု ရရှိကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့သည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြ သူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

နေလယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်























 

No comments:

Post a Comment