Thursday, December 14, 2023

အင်အားတောင့်တင်းခိုင်မာသည့် စွမ်းရည်ရှိသော တပ်မတော်

 

တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားရှိသည့် ကျစ်လျစ် ခိုင်မာ တောင့်တင်းသော တပ်မတော်ဖြစ်စေရန် “စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်”ဆိုသည့် စွမ်းရည်သုံးရပ်ပြည့်ဝစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

စွမ်းရည်သုံးရပ် ပြည့်ဝစေရန်အတွက် တပ်တိုင်း ရဲဘော်တိုင်းတွင်ရှိရမည့် အခြေခံအရည်အချင်း ငါးပါးဖြစ် သည့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့် စွမ်းရည်သုံးရပ်ပြည့်ဝနေစေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ စွမ်းရည် သုံးရပ်သည် အပြန်အလှန်ချိတ်ဆက်နေပြီး အုပ်ချုပ်ရေးစွမ်းရည် ပြည့်စုံကောင်းမွန်မှုမှတစ်ဆင့် စစ်ရေးစွမ်းရည် တိုးတက်အောင်မြင်ခြင်းနှင့် စည်းရုံးရေးစွမ်းရည်လည်း ပိုမိုခိုင်မာလာသည်ကို ယနေ့တပ်မတော်တွင် မြင်တွေ့နေရသည်။

“ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် အဓိကကျသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လူ့စွမ်းအားအရင်း အမြစ်နှင့် ကျွမ်းကျင်မှုစသည့်ကဏ္ဍသုံးရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲဆိုင်ရာအယူအဆများ၊ ပုံသဏ္ဌာန်များ၊ စစ်လက်နက်အသစ်အဆန်းများနှင့် စစ်ဘက်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုများကို မျက်ခြည်အပြတ်မခံဘဲ လေ့လာနေရန်လိုအပ်ကြောင်း” တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မျက်မှောက်ကမ္ဘာ၏ နိုင်ငံရေးအခင်းအကျင်းများကို ကြည့်မည်ဆိုပါက ခေတ်မီ နည်းပညာများနှင့် စစ်မှုသိပ္ပံနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ အင်အားကြီးနိုင်ငံအုပ်စုများ၏ ဖွံ့ဖြိုးဆဲနိုင်ငံ ငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုး ချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိဩဇာခံအဖြစ် ထားရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသော ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာသိရှိနား လည်အောင် တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို ကြည့်မည်ဆိုလျှင်လည်း အင်အားကြီးနိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့်နည်းလမ်းများဖြင့် ဘက်စုံ စစ်ပွဲအသွင်ဖော်ဆောင်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြစ်ရပ်တစ်ခုကို အပေါ်ယံ မြင်ကွင်းလောက်သာ သုံးသပ်သိရှိခြင်းမျိုးထက် မြင်ကွင်းနောက်ကွယ်က အကြောင်း တရားများကိုပါ စဉ်းစားဖော်ထုတ် နိုင်စွမ်းရှိ အောင်မှာကြားထားပြီး ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းပြောင်းလဲနေသည့် နည်းပညာများကိုအသုံး ချ၍ တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံတော်ကို အစဉ် ကာကွယ်စောင့်ရှောက်နေရမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုး တက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ကိုယ်တိုင်ပါဝင်ဆင်နွှဲ ဦးဆောင်ထိန်းချုပ်သည့် နည်းပညာအဆင့်မှ ဉာဏ်ရည်တု နည်းပညာ အသုံးပြုကွပ်ကဲထိန်းချုပ်သည့် နည်းပညာအဆင့်အထိ တိုးတက်ပြောင်းလဲနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံအများစုအနေဖြင့် ခေတ်သစ်စစ်ပွဲများကို မျှော်မှန်းပြီး ခေတ်မီတပ်မတော် တစ်ရပ်တည်ဆောက်ရာ၌ ဉာဏ်ရည်တုနည်းပညာအပြင် အခြားကာကွယ်ရေးသုတေသန လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ နိုင်ငံ့စီးပွားရေးကို ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ပြီး ကာကွယ်ရေးစွမ်းအား မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နည်းပညာအခြေပြု ခေတ်မီတပ်မတော် တည်ဆောက် ရေးကို အပြိုင်အဆိုင် လုပ်ကိုင်လာကြသည်။ ထို့အတူ သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်လာ သောကြောင့် နည်းပညာများ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲများ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေသည်ကို အမြဲသတိချပ်နေရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများတွင် အလျင်အမြန် ပြောင်းလဲတိုးတက်နေသည့် သိပ္ပံနှင့် နည်းပညာများကို အားပြု၍ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေးစသည်တို့တွင် ထိရောက်စွာ အသုံးပြုနေကြပြီဖြစ်ရာ မြန်မာ့တပ်မတော်ကိုလည်း အင်အားတောင့်တင်းခိုင်မာပြီး ခေတ်မီတိုး တက်သည့် တပ်မတော်ဖြစ်လာအောင် နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ရှိရှိ လမ်းညွှန်မှာကြားမှု များနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း။    

ကြေးမုံ(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment