Tuesday, December 12, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဒီဇင်ဘာ ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့အားယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPAတို့အကြား ယခင်ကတည်းက လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ယခင်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး တာဝန်ပြီးဆုံးသော်လည်း UNFPA ဌာနေ ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ချိန်တွင် ဝန်ကြီးဌာန၏ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်၊ ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်နေမှုနှင့်ဝန်ကြီးဌာနနှင့် UNFPA တို့အကြား သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment