Wednesday, December 13, 2023

နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဒီဇင်ဘာ ၁၂

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးများကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ပထမဦးစွာ ဒုတိယဝန်ကြီးသည် ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်းမန်နေဂျာနှင့် မြို့နယ်မန်နေဂျာတို့က ဘဏလုပ်ငန်းဆိုင်ရာများ၊ ချေးငွေထုတ်ချေးမှု၊ ချေးငွေကြွေးကျန်ကျဆင်းရေးနှင့် အလွဲသုံးစားမှုလျော့နည်း ပပျောက်ရေးဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိကတာဝန် နှစ်ရပ်မှာ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးရန်နှင့် ပြန်လည် ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက်နိုင်စေရန် ကြွေးဟောင်းပြေကျေမှ ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ကြွေးကျန်လျော့နည်းကျဆင်းရေးစီမံချက်နှင့် အလွဲ သုံးစားမှုလျော့နည်းပပျောက်ရေး စီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည်လိုက်နာရေးဆောင်ရွက်ရန် မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီ နယ်မြေငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းပြည်ပဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲရသဖြင့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရေး၊ On-site နှင့် Off-site ပုံမှန်စစ်ဆေး ကြပ်မတ်ရေး၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသူများဖြစ်စေရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment