နိုင်ငံတစ်နိုင်ငံမှာ ရာနဲ့ချီတဲ့ (၁၃၅ မျိုးသော) လူမျိုးအစုအပေါင်းတို့နဲ့ ဖွဲ့တည်ရာ ပြည်ထောင်စုကြီးမှာ မျိုးချစ်စိတ်လည်းမရှိရ၊ နိုင်ငံချစ်စိတ်လည်းမရှိရ၊ ပြည်ထောင်စုစိတ်ဓာတ်လည်း မရှိရဘူးဆိုတဲ့ အဖြစ်။
အသိပညာတို့၊ မျိုးချစ်စိတ်တို့၊ နိုင်ငံချစ်စိတ်တို့၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဆိုတာ ဒီနေ့ဒီအချိန်မှာ အလုပ်မဖြစ်တော့ဘူးဆိုတဲ့အသိ။
ဒီလို ရှက်စရာကောင်းပြီး အလုပ်မဖြစ်တဲ့ စိတ်ဓာတ်မျိုးကို လုံးဝခံယူထား၍ မဖြစ်ပါ။ အင်္ဂလိပကျွန်ဖြစ်ခဲ့တာ မမေ့ဖို့လိုသလို ရှည်လျားလှတဲ့ အတိတ်ကာလတစ်လျှောက် ခါးသီးစွာခံခဲ့ရတဲ့ ကိုလိုနီလက်အောက်ခံဘဝမှာ ကိုလိုနီတစ်ပါးကျွန် လက်အောက်ကရုန်းထွက်လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ခံယူခဲ့ကြတဲ့ စိတ်ဓာတ်ဟာလည်း ဒီမျိုးချစ်စိတ်ပါပဲ။
ရပြီးခဲ့တဲ့ လွတ်လပ်ရေးတစ်ပါးသူလက်ပြန်ပါ မသွားအောင်၊ နိုင်ငံရဲ့အချုပ်အခြာအာဏာတစ်စကလေးမျှ တစ်ပွန်းတစ်ပဲ့စီဖြစ်မသွားအောင် အသက်ခန္ဓာတွေ အများကြီးပေး ကာကွယ်စောင့်ရှောက်ခဲ့ကြတာကလည်း ဒီနိုင်ငံချစ်စိတ်ပါပဲ။ တိုင်းရင်းသားလူမျိုးကြီး၊ ငယ်အားလုံး ညီညီညွတ်ညွတ်မျှမျှတတနဲ့ စုစည်းနေထိုင်ကြတာလည်း ဒီပြည်ထောင်စုစိတ်ဓာတ်ကြောင့်ပဲ မဟုတ်ပါလား။
ခံယူချက်သဘောထားတွေးခေါ်ပုံတွေ ပြောင်းလဲနိုင်ခဲ့ကြလို့သာ
ဒါပေမယ့် ယနေ့အချိန်အခါ လူငယ်တချို့မှာ ခေါင်းပါးလှတဲ့ အတွေးအမြင်အချို့နဲ့ယှဉ်ပြီး အမျိုးသားရေးအားမာန်နဲ့ မျိုးချစ်စိတ်အားနည်း၊ ယုတ်လျော့လာတဲ့ အခြေအနေအရပ်ရပ်ကို နေရာတကာမှာ တွေ့မြင်ကြားသိနေလေရဲ့။ ယနေ့ကာလကြီးမှာ ကမ္ဘာပေါ်မှာခွဲထွက်ခွင့်ပေးလိုက်လို့ ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေများ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေတာ တွေ့မြင်ရပါသလဲ။ နဂိုကတည်းက အာဃာတအမုန်းတွေနဲ့၊ အုပ်စုကွဲအမြောက်အမြားနဲ့ အခြေခံအဆောက်အအုံနဲ့ နည်းပညာကမဖွံ့ဖြိုး၊ အသိပညာရည်နိမ့်ပါးပြီး မငြိမ်းချမ်းမဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ ဒေသတွေမှာဆိုပိုဆိုးတာပေါ့။ အထူးသဖြင့် ယနေ့မျိုးဆက်သစ် လူငယ်လူရွယ်တွေအတွက် ရည်ရွယ်ပြီး အများကြီးသိစေချင်ပါတယ်။
ဒီနိုင်ငံ၊ ဒီမြေ၊ ဒီရေ၊ ဒီလေကိုတို့ ဘိုးဘွားဆွေစဉ်မျိုးဆက် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခဲ့ကြလို့သာ ယခုလိုကာလအထိ အချုပ်အခြာဟာ တည်တံ့ခိုင်မြဲနေရခြင်းဖြစ်တယ်။ မျိုးဆက်အဆက်ဆက်တို့က တိုင်းပြည်ကို အခက်အခဲကြားက ထိန်းသိမ်းတည်ဆောက်နိုင်ခဲ့ကြလို့သာ ယနေ့ပြည်ထောင်စုကြီးနဲ့တို့တွေ ယခုတွေ့နေမြင်နေရတဲ့ ဘာသာ၊ သာသနာ၊ စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီးဟာ ခိုင်မြဲနေတယ်ဆိုတဲ့အချက်ကို မမေ့ကြဖို့နဲ့ အစဉ်လေ့လာနေဖို့ လိုပါတယ်။
မျိုးချစ်စိတ်ကို အဓိကတဖွဖွဆိုရာမှာလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟာ မျိုးချစ်စိတ်ကိုသာ အခြေခံခဲ့လို့ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တစ်ဝိုက်က စတင်လိုက်တဲ့ မြန်မာတိုင်းရင်းသားခေတ်ပညာတတ် ကျောင်းသားလူငယ်လေးတွေရဲ့ ကိုလိုနီပညာရေးအပေါ် အမျိုးသားပညာရေးသပိတ်တိုက်ပွဲလှုပ်ရှားမှုဟာ လွတ်လပ်ရေးအတွက် တစ်နိုင်ငံလုံးအုံကြွလှုပ်ရှားမှုအားလုံးရဲ့ အခရာဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးနယ်ချဲ့ကို မလိုချင်တော့တဲ့အထိ လွတ်လပ်လိုတဲ့နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့မွေးဖွားရာ မျိုးစေ့သဖွယ်ဖြစ်ခဲ့ပါတယ်။
အရေးကြီးတာက ထိုခေတ်က လူငယ်တွေဟာ သူတို့ရဲ့သဘောထားတွေ၊ တွေးခေါ်ပုံတွေကို အခြေအနေအလိုက် ပြောင်းလဲနိုင်ခဲ့ကြခြင်းပါပဲ၊၊ ခံယူချက်ပြောင်းလဲမှုနဲ့အတူ ပြင်းထန်တဲ့အမျိုးသားရေး ဇာတိမာန်ကြောင့်သာ လွတ်လပ်ရေးကြီးရခဲ့တာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ပါပဲ။ ဒီလိုပညာသန္ဓေကောင်းခဲ့တဲ့ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး ယနေ့လူငယ်များအနေနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် ကျောင်းသားတွေကို နမူနာယူကာ နိုင်ငံရဲ့လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံမှာ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ အကောင်းဆုံးပါဝင်ကြစေချင်ပါတယ်။
ဆက်စပ်နေတဲ့အမျိုးသားပညာရေးနဲ့ မျိုးချစ်စိတ်
အမျိုး၊ ဘာသာ၊ သာသနာကို မီးထိုးပေးခဲ့တဲ့ အမျိုးသားရေးအားမာန်အစပျိုးရာ မီးပွားတစ်စဟာ လွန်ခဲ့တဲ့ ၁၉၂၀ ကစပြီး နိုင်ငံတစ်ဝန်းမှာ စတင်တောက်လောင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတယ်ဆိုတာလည်း အားလုံးအသိပါ။ မကြာမီကျရောက်တော့မယ့် အမျိုးသားအောင်ပွဲနေ့ဟာလည်း ရာပြည့်နှစ်မက ကျော်လွန်လို့ သုံးနှစ်ထဲစွန်းခဲ့ပါပြီ။
ဂျီစီဘီအေရာပြည့်၊ အမျိုးသားကျောင်းရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့် ကာလတွေဟာလည်း အမျိုးသားနေ့ရာပြည့်နဲ့အတူ တောက်ပခဲ့ဖူးပါပြီ။ ကိုလိုနီဘဝက အမျိုးသားအောင်ပွဲရဲ့ထူးခြားချက်ကနေ မျိုးချစ်စိတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပညာရေးရေခံမြေခံကောင်းတွေနဲ့အတူ မွေးဖွားပေးနိုင်ခဲ့ခြင်းကို နမူနာယူဖို့ပါပဲ။ ထို့ပြင် နိုင်ငံနဲ့လူမျိုးအတွက် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မယ်ဆိုရင် ပညာရေး၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အမျိုးသားရေးတာဝန်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ဖို့ပါပဲ။
ဒါပေမယ့် ကံမကောင်းတာက နိုင်ငံမှာပညာရေး ရေခံမြေခံရေသောက်မြစ်နဲ့ အကိုင်းအခက်များစွာဟာ ရိုက်ချိုးဖျက်ဆီးခံနေရခြင်းပါပဲ။ အဆက်မပြတ် တည်ဆောက်နေတဲ့ကြားက အဖျက်ဆီးခံနေရခြင်းပါ။ အားလုံးကို ပညာမဲ့တွေဖြစ်စေလိုတဲ့ အန္တိမရည်မှန်းချက်နဲ့ ဘာသာတရားကိုပါ အမှည့်ခြွေခံနေရခြင်းများကို အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။ ဘာသာသာသနာနဲ့ အသိပညာဟာ စစ်မှန်တဲ့အမျိုးသားရေးစိတ်ဓာတ် အရင်းခံဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိဖို့လိုပါပြီ။
ကျောင်းသားလှုပ်ရှားမှု၊ အမျိုးသားပညာရေးကတစ်ဆင့် သန္ဓေတည်လာတဲ့ အမျိုးသားအောင်ပွဲကနေ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို မွေးဖွားပေးခဲ့တဲ့ လွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့စိတ်ဓာတ်ကို သက်သေပြုပြီး ယခုလိုအခြေအနေမှာ လိုအပ်နေတဲ့ တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ပြန်လည်နိုးထရန်အချိန်တန်ပြီလို့ ယူဆပါတယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒေသအလိုက်၊ လူမျိုးအလိုက်တန်ဖိုးထားရတဲ့ အမျိုးသားယဉ်ကျေးမှု ဂုဏ်ဒြပ်များ ဓလေ့ထုံးစံ၊ ဘာသာ၊ စာပေနဲ့ သိမ်မွေ့နက်နဲလှတဲ့ အနုသုခုမပညာရပ်တွေ မပျက်ပြားမယိုယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ အမျိုးသားရေးစရိုက်လက္ခဏာတွေ မတိမ်ကောမှာ ဖြစ်တယ်ဆိုတာကို များစွာ သတိပြုရမှာ ဖြစ်ပါတယ်။
ဝံသာနုနိုးကြားမှုအရှိန်ကို မြှင့်တင်ခဲ့သည့် လှုပ်ရှားမှုများ
ထိုခေတ်ထိုအခါက လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားတွေဟာ ပညာရေးအတွက်၊ တိုင်းပြည်အတွက်၊ ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက်ကိုသာကြည့်ပြီး စွန့်လွှတ်စွန့်စားခဲ့ဟန် တူပါတယ်။ ဆိုလိုတာက နယ်ချဲ့အစိုးရကပေးတဲ့ ကိုလိုနီပညာရေး၊ ဘာဘွဲ့၊ ဘယ်မြို့ဘယ်နယ်ပိုင်၊ ဘယ်အရေးပိုင်ရာထူးကိုမှ မတပ်မက်ခဲ့ကြခြင်းပါ။ ထိုထိုအနစ်နာခံစိတ်တွေဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စိတ်ဓာတ်၊ ဩဇာပြင်းပြတဲ့ ခေါင်းဆောင်ကောင်းစိတ်ဓာတ်တွေရဲ့ ရေခံမြေခံမွေးဖွားရာဖြစ်တယ်ဆိုလည်း မမှားပါဘူး။
တစ်မျိုးသားလုံးညီညွတ်ရေး အခိုက်အတန့်တစ်ခုကို အစပျိုးနိုင်ခဲ့ခြင်းသည်ပင် ကိုလိုနီခေတ်ဂျီစီဘီအေ၊ ဝိုင်အမ်ဘီအေတို့လို အမျိုးသားရေး အသင်းအဖွဲ့တွေနဲ့ဆက်စပ်ပြီး ပညာ၊ ဘာသာ၊ လူမှုဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ မှတ်ယူမိပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ ဇာတိသွေးဇာတိမာန်တွေဟာ ဝံသာနုနိုးကြားမှုအရှိန်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ထိုခေတ်လူငယ်တွေဟာ မျက်နှာဖြူနဲ့ မြန်မာတွေအကြား ခွဲခြားမှုကင်းတဲ့ ပညာရေးဥပဒေပြဋ္ဌာန်းပေးနိုင်ရေးကစလို့ မြန်မာပြည်ယူနီဗာစီတီသီးခြားပေါ်ပေါက်လာဖို့၊ လယ်လုပ်သူမြန်မာလယ်သမားတွေ လယ်ပိုင်ရေး၊ မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်တွေ စီးပွားရေးမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး တောင်းဆိုမှုတွေအထိ ခပ်စိတ်စိတ်လှမ်းနိုင်ခဲ့ကြပါတယ်၊၊ ရေနံ၊ သတ္တု၊ အထည်၊ ဘဏ်လုပ်ငန်းတွေမှာ နယ်ချဲ့တွေကြီးစိုးမှုမှန်သမျှ ကန့်ကွက်နိုင်ခဲ့ကြပါတယ်။ အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးအထိ ရရှိဖို့အထိ တောင်းဆိုလှုပ်ရှားခဲ့ကြတယ်။ တိုင်းရင်းသား အကျိုးဘယ်လိုမှရှေးရှုခြင်းမရှိတဲ့ ကိုလိုနီဥပဒေတွေကို သပိတ်မှောက်နိုင်ခဲ့ကြပါတယ်။
သွေးခွဲမှုဆန်သည့်စွက်ဖက်မှုများ သတိထားရန်
သတိထားဂရုပြုရမယ့်အချက်တစ်ခုကို တင်ပြလိုပါတယ်။ ကိုလိုနီခေတ်က တိုင်းတစ်ပါးဗြိတိသျှတို့ပေးခဲ့တဲ့ ဒိုင်အာခီအုပ်ချုပ်ရေးဟာ မြန်မာတိုင်းရင်းသား မြန်မာလူမျိုးတွေရဲ့ စုစည်းညီညွတ်မှုစိတ်ဓာတ်ကို ဖြိုခွဲနိုင်ခဲ့တဲ့ သာဓကတစ်ခုလို့ဆိုနိုင်ပါတယ်။ ထိုစဉ်က ဂျီစီဘီအေအသင်းတွေ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး နိုင်ငံရေးအယူအဆအမျိုးမျိုး၊ အစွဲအမျိုးမျိုးဖြစ်သွားရတဲ့အချက်ဟာ ယနေ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွေမှာ သင်ခန်းစာယူစရာတစ်ခု အချက်တစ်ခုအဖြစ် မမေ့မလျော့သတိမပေါ့ဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံတော်ကြီး မဖွံ့ဖြိုး၊ မတိုးတက်၊ အင်အားမကြီးမားအောင် လုပ်ချင်ရင် အလွန်လွယ်ပါတယ်။ မြန်မာတွေရဲ့စုစည်းမှု၊ စည်းလုံးမှု၊ ညီညွတ်မှုအားကို သွေးခွဲဖြိုခွဲလိုက်ရုံပါပဲ။ ကိုလိုနီခေတ် လွတ်လပ်ရေးရခဲ့တာမှသည် ယနေ့ထိတိုင် တိုင်းတစ်ပါးတို့ရဲ့အမျိုးမျိုးသော သွေးခွဲစွက်ဖက်ခြင်းများကြောင့် ခံစားနေရတဲ့ ယနေ့မြန်မာတိုင်းရင်းသားတွေရဲ့ အနိဋ္ဌာရုံတွေက သက်သေပြလျက်၊ ပြဆဲဖြစ်ပါတယ်။
No comments:
Post a Comment