Sunday, December 24, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲတွင်နိုင်ငံတော်သံစုံတီးဝိုင်းမှ ဖျော်ဖြေတင်ဆက်မည့်အစီအစဉ် ကြိုတင်ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနား၌ နိုင်ငံတော်သံစုံတီးဝိုင်းမှ ဖျော်ဖြေတင်ဆက်မည့်အစီအစဉ် ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မြန်မာအသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နိုင်ငံတော်သံစုံတီးဝိုင်း အင်အားတိုးချဲ့စုဖွဲ့ပြီး လေ့ကျင့်ပြင်ဆင်နေမှု၊ အသံပိုင်းဆိုင်ရာနည်းပညာများ ဖြည့်ဆည်းဆောင် ရွက်ထားရှိမှုနှင့် အုပ်ချုပ်မှုကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ဆက်လက်၍ နိုင်ငံတော်သံစုံတီးဝိုင်းက ပဏာမတေးသွား၊ တေးသီချင်းများနှင့် သံစဉ်တီးလုံးများ သီဆိုတီးမှုတ်ဖျော်ဖြေပြသမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အကြံပြုဆွေးနွေးပြောကြားပြီး အုပ်ချုပ်မှုကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံစုံတီးဝိုင်းနှင့် အဆိုပညာရှင်ဝန်ထမ်းများကို ဆုငွေပေးအပ်ချီးမြှင့်ပြီး အနုပညာရှင်/ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ကြိုတင်ပြင်ဆင်လေ့ကျင့်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ နိုင်ငံတော်သံစုံတီးဝိုင်းကို နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြည်ပဧည့်သည်တော်များအတွက် ဂုဏ်ပြုဧည့်ခံပွဲများနှင့် ပြည်ပခရီးစဉ်များတွင် သွားရောက် ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက်စုဖွဲ့ထားရှိရာ ယခုအခါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်လေ့ကျင့်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment