Sunday, December 24, 2023

တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်

 



မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် မြန်မာ့အမွေအနှစ်ဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက် ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာဖြစ်သည်။ မြန်မာလူမျိုးတို့အား ခေတ်အဆက်ဆက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် တိုင်းရင်းဆေးပညာဖြစ်သည်။ မြန်မာတို့သည် မြန်မာတိုင်းရင်းဆေးများကို အားကိုးအားထားပြုပြီး ကျန်းမာစွာရှင်သန်နေထိုင်ခဲ့သည်။

ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊ နက္ခတ္တနယဟူသော မြန်မာ့တိုင်းရင်းဆေးပညာ၏ အခြေခံနယကြီးလေးပါးကို အခြေတည်ပြီး လက်တွေ့ပျောက်ကင်းအောင် ကုသပေးနိုင်သော သမိုင်းမှတ်တမ်းများရှိသည်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်စသည့် ခေတ်အဆက်ဆက် ဆေးကျမ်းများရှိခဲ့သည်။ ထို့အပြင် တိုင်းရင်းဆေးသမားတော်ကြီးများကိုယ်တိုင် နန်းတွင်းသူနန်းတွင်းသားများနှင့် တိုင်းသူပြည်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် သမိုင်းမှတ်တမ်းများရှိသည်။

မျက်မှောက်ကာလတွင် အနောက်တိုင်းဆေးပညာများ ခေတ်မီဆန်းသစ်တိုးတက်ဖြစ်ထွန်းလာမှုနှင့်အတူ ပြည်သူများအနေဖြင့် အနောက်တိုင်းကုထုံးနှင့် ဆေးဝါးများကို မှီခိုအားထားကြရာတွင် ဆေးကုသစရိတ်မြင့်မားခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူသုံးစွဲကြရာတွင် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အခက်အခဲများ ကြုံတွေ့ကြရသည်။ ပြည်သူများအနေဖြင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသည့်အလျောက် မကူးစက်တတ်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါများ အဖြစ်များလာရာ ကာကွယ်ကုသမှုများကို နေ့စဉ်ပြုလုပ်နေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ အနောက်တိုင်းဆေးပညာဖြင့် ကုသမှုပေးသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို နှစ်စဉ်မြှင့်တင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အမျိုးသားဆေးပညာဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကို အပြည့်အဝစောင့်ရှောက်မှုပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း၌ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိသည်။

မြန်မာ့သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုခဲ့ကြသည့် မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာအဆင့်အတန်း ပိုမိုမြင့်မားစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက် စေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများသင်ယူလေ့လာခြင်း၊ မျှဝေပေးခြင်းစသည်တို့ကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး တိုင်းရင်းဆေးပညာဖြင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ကုသစောင့်ရှောက်မှုပေးနိုင်အောင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အလယ်၌ မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာ၏ အစွမ်းထက်ပုံတို့ကို ထုတ်ဖော်အသိပေးပြီး ဂုဏ်ယူဝင့်ကြွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သက်ရှိလူသားများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ သဘောလေးခုမျှတခြင်းဖြင့် အသက်ရှည်ကျန်းမာစွာ နေထိုင်ကြရသည်။ ထို့အပြင် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဟူသော ဓာတ်ကြီးလေးပါးမျှတနေသမျှ ကျန်းမာစွာအသက်ရှင်သန်ရပ်တည် နေထိုင်နိုင်သည်။ ဓာတ်ကြီးလေးပါး၊ သဘောလေးခု တစ်ခုခုဖောက်ပြန်သည်နှင့် ကျန်းမာရေးကိုထိခိုက်ပြီး စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်။ ထိုသဘောတရားများကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်စွမ်းရှိသည်မှာ မြန်မာ့တိုင်းရင်းဆေးပညာဖြစ်သည်။ ပြည်သူများ နေ့စဉ်နေထိုင်မှုလူမှုဘဝတွင် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသည့် တိုင်းရင်းဆေးပညာဆိုစကားကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာ၏ အခြေခံ သဘောတရားများဖြစ်သည့် ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် အရသာခြောက်ပါးကို ညီညွတ်မျှတစွာ စားသုံးပေးခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေထိုင်နိုင်သည့် နည်းလမ်းကောင်းများရှိသည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် အစဉ်အလာကြီးမားသည့် အစွမ်းထက်သော ဂုဏ်ဒြပ်များရှိသဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ အစဉ်အလာမပြတ် ထွန်းကားတောက်ပြောင်နေအောင် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ကူညီပေးလျက်ရှိသည်။ တိုင်းရင်းဆေးပညာသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက သုတေသနရန်ပုံငွေများ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိသည်။ အစွမ်းထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံအခြေပြုဆေးပညာမှသည် အထောက်အထား အခြေပြုဆေးပညာအဖြစ်သို့ရောက်အောင် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာ့တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ မြန်မာ့တိုင်းရင်းဆေးသမားတော်များကလည်း နှစ်စဉ်တစုတဝေးတည်း နှီးနှောဖလှယ်ဆွေးနွေးကြကာ မြန်မာ့တိုင်းရင်းဆေးပညာ မြင့်မားတိုးတက်ရေးနှင့် တိုင်းရင်းဆေးဝါးများ အရည်အသွေးအဆင့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း။       

No comments:

Post a Comment