Monday, December 11, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လားရှိုးမြို့) ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဒီဇင်ဘာ ၁၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆေးရုံဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကြားမှ ဆေးရုံလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်စေရန် ဆောင်ရွက်ပေးနေကြသော ဝန်ထမ်းတစ်ဦးချင်းစီကို ပြည်သူလူထုနှင့် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ လူနာများ စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ကာ ပြည်သူအားကိုးရသည့် ဆေးရုံကြီးဖြစ်စေရေး ဆောင်ရွက်ကြရန်နှင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်၊ လားရှိုးမြို့သို့ ခေတ္တတိမ်းရှောင် ရောက်ရှိနေသောစုရပ်များ (IDP Camps) ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို စံချိန်စံညွှန်း ကောင်းမွန်စေရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ပေးရန်၊ ကလေးငယ်များအား လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးရန်၊ မိခင်ကလေး ကျန်းမာရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ပေးရန်၊ ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးရန်နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်၌ ကုသမှုခံယူလျက်ရှိသည့် လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လားရှိုးမြို့)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်၍ လုံခြုံရေးအသိဖြင့် ဌာနလုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ နောက်ဆုံးနှစ်စာမေးပွဲများ ဖြေဆိုမည့် ကာလဖြစ်သဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မှာကြားပြီး သင်တန်းသားများ နေထိုင်စားသောက်ရေးနှင့် သင်ကြားရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment