နေပြည်တော် ဒီဇင်ဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား Ultra Low Temperature Freezer ၁၀ လုံးတွင် အပူချိန်အနုတ် ၆၀ ဒီဂရီစင်တီဂရိတ်မှ အနုတ် ၉၀ ဒီဂရီစင်တီဂရိတ်အတွင်း ထားရှိသိုလှောင်ထားရှိမှု၊ ပုံမှန်ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိမှု၊ ကာကွယ်ဆေးထိုး ဆက်စပ်ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်မှ ကာကွယ်ဆေးများဝယ်ယူရန် ဘဏ္ဍာငွေအမြောက်အမြား စိုက်ထုတ်သုံးစွဲထားရသည့်အတွက် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ကာကွယ်ဆေးလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် အပိုဆောင်းထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းအတွင်းရှိ ပုံရိပ်ဖော်နည်းပညာနှင့် ဓာတ်မှန်ဌာန၊ ရောဂါဗေဒနှင့် အဏုဇီဝဗေဒဌာန၊ အထွေထွေရောဂါဆေးကုသဆောင်၊ သွေးရောဂါဆေးကုသဆောင်နှင့် အခပေးလူနာကုသခန်းများ၊ ရိုးတွင်းချဉ်ဆီလဲလှယ်ကုသဌာနနှင့် သွေးရောဂါကုသဆောင်များ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ အလေးထားဆောင်ရွက်ပေးရန်၊ အဆောက်အအုံ အရည်အသွေးကောင်းမွန်မှုသာမက အရည်အသွေးပြည့်ဝသည့် ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်အချိန်အတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်မှာကြာပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ သွားရောက်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ၊ စက်ပစ္စည်း၊ ဆေးဝါး၊ ရန်ပုံငွေများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ကြေးနှင့် ပညာရှင်ကြေးများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အရည်အသွေးပြည့်ဝစွာဖြင့် ပြည်သူများ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးပွဲများ၊ ညီလာခံများ စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများကလည်း မိမိတို့၏ သက်ဆိုင်ရာအထူးကုဘာသာရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စားသောက်ဖွယ်ရာများပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်သို့သွားရောက်ပြီး အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ထားသောလူနာနှင့် အသည်းအလှူရှင်တို့အား တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မြို့၌ ယခုလ ၁၈ ရက်က (၃၅)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယနေ့ဆိုလျှင် ရှစ်ရက်မြောက်ရှိပြီဖြစ်ကာ ပုံမှန်အတိုင်း စားသောက်နိုင်ပြီး အသည်းအလှူရှင်မှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်သဖြင့် ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment